မူဆယ် ၁၀၅ မိုင်သစ်သီးကုန်စည်ဒိုင်တွင် ဖရဲသီးများဈေးကောင်းရနေသော်လည်း တရုတ်ဘက်ခြမ်း ဝမ်တိန်တွင် ပြန်လည်စစ်ဆေးပြီးလျှင် အရည်အသွေးကြောင့် ဖရဲဈေးပြန်လည်ညှိရသည် များရှိနေကြောင်း မူဆယ်ရှိ ဖရဲသီး ကုန်သည်တွေထံမှ သိရသည်။
ဖရဲကုန်သည် ဦးမြင့်ဦးက``ဒီဘက်ခြမ်းမှာက ကားတစ်စီးကို ၃မိနစ် ၊ ၄ မိနစ်လောက်ပဲ စစ်နိုင်တော့ တရုတ်ပြည်ဘက်ရောက်လို့ ပြန်စစ်ရင် သူတို့အရည်အသွေးနဲ့ယူတာတွေရှိတော့ ဈေးကထင်သလောက် မရတာ ဈေးပြန်ညှိရတာတွေရှိတယ် ဟုပြောသည်။
မြန်မာပြည် မူဆယ်ဘက်သို့ဖရဲကားဝင်ရောက်မှုများပြားနေပြီး ကားတစ်စီးကို စစ်ဆေးချိန်နည်း သည့်အတွက် အမြင်ဖြင့်စစ်ဆေးခြင်း ၊ ခွဲကြည့်ကာ စစ်ဆေးခြင်းများပြု လုပ်ကြောင်းနှင့် တရုတ်ပြည်ဘက်သို့ရောက်ပြီး ကားပြောင်းတင်ချိန်တွင် တရုတ်ကုန်သည်များက ဖရဲသီးအရည်အသွေးကောင်း ကိုသာရွေးချယ်ဝယ်ယူသည့် အတွက် ကျန်သည့် ဖရဲသီးများကို ဈေးနှုန်းတစ်မျိုးဖြင့် ညှိနှိုင်းရောင်းချနေရခြင်းများရှိနေကြောင်း ဖရဲကုန်သည်များမှပြောသည်။
ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က ``ဖရဲ အသီးကောင်းကမရှိသလောက်ပါဘဲ ဒါပေမယ့် ဈေးလေးတွေကတော့တက်လာတယ်လို့ပြောရမယ်။ ဈေးတက်တယ်ပေါ့နော် အကြီးအသေးနဲ့ အရောင်အညှာစိမ်းစိုမှုမှာ ဈေးဖြတ်သွားတာပါ။ သစ်သီး ဈေးကွက်က အားလုံးအတက်ဘက်မှာ။ အဝင်က တော့များနေဆဲပါ။ အရည်အသွေးကောင်း အသီးတွေခပ်စိပ်စိပ်တွေ့လာတော့ ဈေးလည်မြင့်လာတယ်။’’ဟုပြောသည်။
၁၀၅ မိုင်သစ်သီးကုန်စည်ဒိုင်သို့ တစ်စီးလျှင် ၈ တန်မှ ၉ တန်အထိတင်ဆောင်ထားသည့် ဖရဲသီးတင်ကား ၄၀၀ နီးပါး ပုံမှန်ဝင်ရောက်နေသလို အခုတပတ်အတွင်း ဈေးကောင်းရလာတယ်လို့ မူဆယ် ၁၀၅ မိုင်ကုန်စည်ဒိုင်ကထုတ်ပြန်သည့် စာရင်းတွေအရသိရသည်။
လက်ရှိတွင် အစေ့မဲ့ ဖရဲတစ်ကီလို ကို ၃.၅ ယွမ်မှ ၄.၈ယွမ်ကြား ၊ အဝိုင်းကြား(ထဲန်ဝမ်) တစ်ကီလို ကို ၃.၅ ယွမ်မှ ၄ယွမ်ကြား ၊ အကြားသီး(၈၅၅) တစ်ကီလို ကို ၁.၈ ယွမ် မှ ၂.၈ ယွမ်ကြား၊ အဖြုသီး တစ်ကီလို ကို ၁.၅ယွမ် မှ ၂.၂ ယွမ် ကြား အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။