ထိုင်းနိုင်ငံ ရနောင်း လ၀က အချုပ်မှ မြန်မာရွေ့ပြောင်း အလုပ်သမားများပြန်လွတ်လာ

By ကိုရွှေမြိတ်
02 February 2023
ထိုင်းနိုင်ငံ ရနောင်း လ၀က အချုပ်မှ မြန်မာရွေ့ပြောင်း အလုပ်သမားများပြန်လွတ်လာ

မဲဆောက် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ ရနောင်း လ၀က အချုပ်ခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားများ ၆၀၀ ကျော် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြန်လွတ်လာကြောင်း သတင်းရရှိသည်။

၎င်းတို့ကို ရနောင်း-ကော့သောင်း ရေလမ်းကြောင်းမှတဆင့် ထိုင်းအာဏာပိုင်များဘက်မှ ပြန်ပို့ပေးခဲ့ခြင်းဟု ပြန်ပို့ခံရသူ ကယကံရှင်များကပြောသည်။

မြန်မာဖက်ကိုပြန်ပို့ခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားထဲတွင် အမျိုးသား ၅၃၄ ဦးနှင့် အမျိုးသမီး ၁၃၆ ဦး စုစုပေါင်း ၆၇၀ ဦး ဖြစ်သည်ဟု ရွှေ့ပြောင်း မြန်မာ အလုပ်သမားအရေး ကူညီပေးနေသည့် ရနောင်း အခြေစိုက် မိတ္တသဟာရအသင်းထံမှ သိရသည်။

“ ဒီကနေ့ မနက်ပိုင်းက မြန်မာဖက် တာဝန်ရှိသူတွေက ရေတပ်က စစ်သင်္ဘောတွေနဲ့ လာခေါ်သွားတာပါ။ အားလုံးကို ခေါ်သွားတာ ဖြစ်တယ်။ ကျန်တာတွေကတော့ အသေးစိတ် မသိရသေးဘူး ဖြစ်တယ်”ဟု ရနောင်း အခြေစိုက် မိတ္တသဟာရအသင်းမှ ကိုသာကျော်က ပြော သည်။

လက်ရှိတွင် အလုပ်သမားများကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ခြင်းနှင့်ပတ်သက်၍ ရနောင်းအခြေစိုက် အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office သို့ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပေ။

အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံ အတွင်း တရားမဝင် ခိုးဝင်မှုကြောင့် ထိုင်း အာဏာပိုင်းများ ဖမ်းဆီးပြီး နောက် လွတ်ရက်စေ့ပြီး ရနောင်း လ၀က အချုပ်တွင် ယာယီ ထိန်းခံထားရသူများ ဖြစ်သည်။

ထိုင်းအချုပ်ခန်းထဲတွင် နေထိုင်မှုအဆင်မပြေသည့်အတွက် နေရပ်ပြန်ပို့ပေးရေးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် ဆန္ဒပြခဲ့သူများလည်း ဖြစ်ကြသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly