ကိုဗစ်ကြောင့် ဒီဇင်ဘာလအတွင်းသေဆုံးသူအရေအတွက်ကို ထုတ်ပြန်ရန် တရုတ်နိုင်ငံစာရင်းအင်းဌာန ငြင်းဆို 

ကိုဗစ်ကြောင့် ဒီဇင်ဘာလအတွင်းသေဆုံးသူအရေအတွက်ကို ထုတ်ပြန်ရန် တရုတ်နိုင်ငံစာရင်းအင်းဌာန ငြင်းဆို 

တရုတ်နိုင်ငံတွင် နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သေဆုံးသူအရေအတွက်က မွေးဖွားမှုထက် ပိုများနေကြောင်း တရုတ်အစိုးရ၏ ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်သော အချက်အလက်များကို ကိုးကား၍ The Diplomat ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံစာရင်းအင်းဗျူရိုမှ တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာအတွင်းက သေဆုံးမှုအရေအတွက်ကို ဖော်ပြရန် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုခဲ့သည်။
စုဆောင်းရရှိထားသော အချက်အလက်များကို  လိုအပ်သလောက်သာ ထုတ်ပြန်ခြင်းသည်  တရုတ်အာဏာပိုင်များ အသုံးပြုလေ့ရှိသည့် နည်းလမ်းဖြစ်သည်။ တရုတ်သည် ကိုဗစ်-၁၉ ဆိုင်ရာစာရင်းဇယားများတွင် ချို့ယွင်းချက်ရှိသည်ကိုလည်း တရားဝင် ဝန်ခံခြင်းမရှိပေ။

နိုင်ငံစာရင်းအင်းဗျူရိုက ၂၀၂၂ ခုနှစ်တွင် စုစုပေါင်းသေဆုံးမှု ၁၀ ဒသမ ၄၁ သန်း ရှိ၍ တစ်လလျှင် ပျမ်းမျှသေဆုံးသူ ၈၆၇ ၅၀၀ ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ တစ်လအတွင်း ကိုဗစ်-၁၉ နှင့် ဆက်နွှယ်သော သေဆုံးမှု ၅၉ ၉၃၈ ဦးရှိကာ  ၂၀၂၂ ခုနှစ် လစဉ် ပျမ်းမျှသေဆုံးမှု၏ ၇ ရာခိုင်နှုန်းရှိသည်ဟု ကြေငြာခဲ့ပြီး မီးသင်္ဂြိုဟ်စက်များတွင် လူပိုကျလာသည်ဆိုသော သတင်းများနှင့် မကိုက်ညီကြောင်း The Diplomat ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ သတင်းအချက်အလက်များကို အချိန်မှန် ပွင့်လင်းမြင်သာမှုရှိစွာဖြင့်  နိုင်ငံတကာသို့ မျှဝေပေးနေကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမြဲတစေ ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ပြန်လည်ဖွင့်လှစ်ပြီးနောက် ရှီကျင့်ဖျင်က ရောဂါကူးစက်မှုလှိုင်းနှင့် ပတ်သက်၍ ပထမဆုံး ထုတ်ပြန်ချက်တွင် "ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများနှင့် အရင်းအမြစ်များ မလုံလောက်သော ကျေးလက်ဒေသတွင် ရောဂါပျံ့နှံ့မှုကို အစိုးရိမ်ဆုံးဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ နောက်တစ်နေ့တွင် တရုတ်နိုင်ငံရှိ ကျန်းမာရေးအာဏာပိုင်များက ဆေးရုံများတွင် ပြင်းထန်သော ကိုဗစ်ရောဂါဖြစ်ပွားမှုများ အခြေအနေအဆိုးဆုံးဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၉ ၉၃၈ ဦးရှိကြောင်း ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီး ၃ နှစ်အတွင်း တရားဝင်ထုတ်ပြန်ခဲ့သည့် သေဆုံးသူအရေအတွက်  ၅၂၇၂ ဦးနှင့် နှိုင်းယှဉ်ပါက များစွာ မြင့်တက်လာခဲ့သည်။ သို့သော်  ယခုသေဆုံးနှုန်းသည် လျှော့တွက်မှုတစ်ခုဖြစ်နိုင်ပေသည်။
ဒေသအာဏာပိုင်များက သေဆုံးရသည့်အကြောင်းရင်းကို  ကိုဗစ်-၁၉  နှင့် ဆက်နွှယ်ခြင်း မရှိကြောင်း လက်မှတ်ထိုးရန် ပြည်သူများကို ညွှန်ကြားထားသည်ဆိုသော ပို့စ်များမှာ တရုတ်လူမှုမီဒီယာတွင် ပျံ့နှံ့နေသည်။ သေဆုံးကြောင်းအထောက်အထားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသည်ဟု မှတ်ချက်မပြုရန် ဆရာဝန်များ ဖိအားပေးခံနေရကြောင်း The Diplomat က ဖော်ပြသည်။

ကျဲ့ကျန်းပြည်နယ်တွင် ဒေသခံအဖွဲ့များက ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်ပြီး စစ်တမ်းကောက်ယူရာ ဒီဇင်ဘာလ၂၅ ရက်နေ့၌ တစ်နေ့လျှင် ကူးစက်မှုအသစ် ၁ သန်းခန့် ရှိသည်ဟု ဆိုသည်။ ရှန်ဟိုင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်အထိ ရောဂါကူးစက်ခံထားရကြောင်း ရှန်ဟိုင်းမြို့မှ ထိပ်တန်းဆရာဝန်တစ်ဉီးက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ အချို့မြို့ကြီးများ၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအကုန်က အသုဘခန်းမအပြင်ဘက်တွင် မော်တော်ကားများ တန်းစီ စောင့်ဆိုင်းနေသည်ကို ဂြိုဟ်တုဓာတ်ပုံများမှ တစ်ဆင့် မြင်တွေ့ခဲ့ရသည်။ ရင်ခွဲရုံများတွင်လည်း သေဆုံးသူများပြည့်နေ၍ ဝန်ထမ်းများမှာ အရင်ထက် ၂ ဆ ၃ ဆ ပို၍ အလုပ်ဆင်းနေရသည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required