နွားထိုးကြီးတွင် စစ်မှုထမ်းဟောင်း ပစ်ခတ်ခံရ၍ သေဆုံး 

By ကိုခင်မောင် (မဇ္ဈိမ)
04 January 2023
နွားထိုးကြီးတွင် စစ်မှုထမ်းဟောင်း ပစ်ခတ်ခံရ၍ သေဆုံး 

မဇ္ဈိမ။    ။ မန္တလေးတိုင်း၊  မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့ပေါ်တွင် စစ်မှုထမ်းဟောင်း ဒလန်ဆိုသူကို ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး ၎င်းကိုင်ဆောင်သည့် သေနတ်နှင့် ကျည်ဆန်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( NPDF) တာဝန်ရှိသူထံက သိရသည်။

စစ်မှုထမ်းဟောင်း ကိုသန်းလင်းအောင်(ခ)မိုက်တီးသည် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်သူများတွင်  ပါဝင်ခဲ့၍ ယမန်နေ့ ဇန်နဝါရီလ ၃ရက် နံနက်၉နာရီခန့်က ၎င်း၏နေအိမ်သို့ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရင်က ပြည်သူတွေကို ဖမ်းပြီးသတ်တဲ့အထဲ ပါနေတော့ ကြာကြာထားမရဘူး။ ဒီကောင်ကိုင်တဲ့လက်နက် တစ်ချောင်းသိမ်းဆည်းရမိခဲ့တယ်။ စစ်မှုထမ်းဟောင်းက ဒလန်လည်းလုပ်နေတယ်။ ပြီးတော့မြို့ပေါ်မှာ စစ်တပ်နဲ့ပေါင်းပြီးတော့မှ  အရင်တစ်ခေါက်က ပြည်သူတွေကို သတ်တာတွေမှာ အဓိကပါဝင်နေတယ်။”  ဟု NPDF မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။

 ယနေ့ ဇန်နဝါရီလ ၄ ရက်  နံနက်ပိုင်းတွင် နွားထိုးကြီးမြို့အရှေ့ဘက်ရှိ ဂွေးပင်တောရွာလမ်းခွဲတွင် အမည်မသိ အလောင်းသုံး လောင်း တွေ့ရှိခဲ့သည်ဟုလည်း ဒေသခံများထံက သိရသည်။

အဆိုပါ ကိစ္စနှင့်  ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမက  ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အပြစ်မဲ့ပြည်သူများ အသတ်ခံရမှုနှင့် ပတ်သက်ပြီး “ဒီကောင်တွေက(စစ်မှုထမ်းဟောင်း) ဘယ်လိုဖြစ်နေလဲဆိုတော့ စကစ တွေ၊ ဒလန်တွေနဲ့ပေါင်းပြီးတော့ ပြည်သူတွေကို လိုက်သတ်နေတာ ။ကျွန်တော်တို့ဘက်က ဒလန်တစ်ယောက်ရှင်းပြီး သူတို့ထဲက တစ်ယောက်ပါသွားပြီဆိုရင် သူတို့ဘက်က နှစ်‌ေယာက်ရှင်းတာ၊ သုံးယောက်ရှင်းတာတို့ ပြန်လုပ်တယ်ပေါ့နော်။ ပြည်သူတွေကို ပြန်သတ်တာပေါ့ဗျာ ” ဟု မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း( NPDF) မှ တာဝန်ရှိသူက ဆိုသည်။ 

နွားထိုးကြီးမှ ပျူစောထီးနှင့် ဒလန် ဆိုသူများသည် ပြည်သူများကို သတ်ဖြတ်ပြီးပါက မြင်းခြံပျူစောထီးခေါင်းဆောင်ဖြစ်သူ မသီတာယုမွန် လက်ချက် ဖြစ်သည်ဟု အချင်းချင်း အပြစ်ပုံချလေ့ရှိကြောင်း ၎င်းက ဆိုသည်။ 

မိဘပြည်သူများအနေဖြင့် အသွားအလာ အစစအရာရာ ဂရုစိုက်ကြရန်နှင့် ပြည်သူများ သွေးမကွဲကြရန် မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း Natogyi People Defense Force က အသိပေးထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly