ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အခြေအနေကို ဖြေရှင်းရန် ပါကစ္စတန်အစိုးရက အသုံးစရိတ်လျှော့ချမှုများ လုပ်ဆောင်

ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အခြေအနေကို ဖြေရှင်းရန် ပါကစ္စတန်အစိုးရက အသုံးစရိတ်လျှော့ချမှုများ လုပ်ဆောင်

ပါကစ္စတန်နိုင်ငံတွင် ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အခြေအနေနှင့် ဆက်လက်ရင်ဆိုင်နေရသည့်အတွက် အစိုးရသည် အသုံးစရိတ်လျှော့ချသည့် အစီအမံတချို့ကို မတတ်သာသည့်အဆုံး လုပ်ဆောင်လာရသည်။

ထိုအစီအမံများထဲတွင် အစိုးရမော်တော်ယာဉ်များအတွက် စက်သုံးဆီကို ခွဲတမ်းဖြင့် ပေးခြင်း၊ အစိုးရ ဝန်ထမ်း များ၏ ခရီးသွားလာမှုအပေါ် ကန့်သတ်မှုများ လုပ်ဆောင်ခြင်း၊ ခွင့်ခံစားခွင့်အတွက် လဲလှယ်ရရှိသည့် ငွေပမာဏ များနှင့် ဆေးကုသမှုဆိုင်ရာ ထောက်ပံ့ငွေများ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခြင်းနှင့် ထောက်ပံ့ကြေးများကို ဖယ်ရှားခြင်းတို့ ပါဝင်သည်။

“နိုင်ငံမှာ ဘဏ္ဍာငွေတွေ အင်မတန် နည်းပါးနေပြီး လက်ရှိမှာ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ဝန်ကြီးချုပ်ကိုယ်တိုင် ခွင့်ပြုပေးခဲ့တာကြောင့် ခုလို ညွှန်ကြားချက်တွေကို မဖြစ်မနေ ထုတ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလိုမှ မလုပ်ရင်လည်း ဘဏ္ဍာရေးအကျပ်အတည်းက ပိုဆိုးလာနိုင်တာကြောင့် အစိုးရ/ကိုယ်ပိုင် အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေမှာ ဝန်ထမ်းလစာတွေ ရပ်ဆိုင်းရမယ့် အခြေအနေအထိ ဦးတည်သွားနိုင်ပါတယ်” ဟု ပါကစ္စတန်အစိုးရအဖွဲ့ အတွင်းရေးမှူးရုံးက မကြာသေးခင်က ထုတ်ပြန်သည်။

ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အခြေအနေအရ လုပ်ဆောင်ခဲ့ရသည့် အစီအမံများထဲတွင် အစိုးရအရာရှိများ အသုံးပြုသည့် အစိုးရမော်တော်ယာဉ်အားလုံးကို တစ်လလျှင် စက်သုံးဆီ လီတာ ၁၂၀ ထက် ပိုပြီး ထုတ်မပေးသင့် ဟု ပါရှိသည်။

လုပ်ငန်းတာဝန်ဖြင့် မြို့၊ မြို့နယ် သို့မဟုတ် ကျေးရွာပြင်ပသို့ ခရီးသွားလာရသည့် ဝန်ထမ်းများကို ၎င်းတို့၏ ရာထူးအဆင့်အရ ထောက်ပံ့ကြေး ၂ ခု ထုတ်ပေးသင့်ကြောင်းနှင့် ထောက်ပံ့ကြေး တစ်ခု လျှော့ချသင့်ကြောင်း ပါရှိသည်။

ရာထူးအဆင့် ၁၇ မှ ၂၁ အကြား ရှိသော ပုံမှန်ဝန်ထမ်းအားလုံးကို ခွင့်ခံစားခွင့် အသုံးမပြုခြင်းအတွက် လဲလှယ်ရရှိသည့် ငွေကြေးများ ထုတ်ပေးခြင်းအပေါ် ချက်ချင်း ရပ်ဆိုင်းသင့်ကြောင်း ညွှန်ကြားချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required