ဆန္ဒပြမှုများကြောင့် ကိုဗစ်-၁၉ ထိန်းချုပ်သည့်အစီအစဉ်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးရန် လိုအပ်ကြောင်း တရုတ်ဒုတိယ ဝန်ကြီးချုပ် ပြောကြား

ဆန္ဒပြမှုများကြောင့် ကိုဗစ်-၁၉ ထိန်းချုပ်သည့်အစီအစဉ်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးရန် လိုအပ်ကြောင်း တရုတ်ဒုတိယ ဝန်ကြီးချုပ် ပြောကြား

တရုတ်တွင် တင်းကျပ်သော ကိုဗစ်-၁၉ မူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ မြို့ကြီးများတွင် ဖြစ်ပွားပြီးနောက် ကိုဗစ်ထိန်းချုပ်ရေးအစီအစဉ်များကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးရန် လိုအပ်ကြောင်း တရုတ် ဒုဝန်ကြီးချုပ် စန်ချန်လန် က ပြောကြားလိုက်သည်။

"အိုမီခရွန်ဗိုင်းရပ်စ်ပိုး ရောဂါပိုးကူးစက်မှု အားနည်းလာချိန်မှာ လူတွေက ကာကွယ်ဆေး အများအပြား ထိုးထား ပြီးဖြစ်နေသလို ဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့ အတွေ့အကြုံလည်းများလာတာမို့ တရုတ်က အခြေအနေသစ်နဲ့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်အသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်" ဟု စန်က နိုဝင်ဘာ ၃၀ရက် တွင် တရုတ်နိုင်ငံတော် ကောင်စီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ကပ်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပြောင်းလဲလာသော အခြေအနေများနှင့်အညီ တုံ့ပြန်ရန်လည်း ၎င်းက တိုက်တွန်းထားပြီး ရောဂါကာကွယ်ရေး၊ စမ်းသပ်ခြင်းနှင့် သီးသန့်ခွဲထားမှု အစီအမံများနှင့် ပြည်သူတစ်ရပ်လုံး၏ ကာကွယ်ဆေးထိုးရေးမူဝါဒကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် အရေးကြီးကြောင်း အလေးပေးပြော ကြားခဲ့သည်။

တရုတ်အာဏာပိုင်များသည် လူများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို အမြဲဦးစားပေးကြောင်းနှင့် ရှေ့နောက် ညီညွတ်သည့် မဟာဗျူဟာနှင့် လိုက်လျောညီထွေရှိသော အစီအမံများဖြင့် ကူးစက်ရောဂါကို ကိုင်တွယ်ဖြေရှင်း ခဲ့ကြောင်း စွန်က ပြောကြားခဲ့သည်။

တရုတ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုစတင်ချိန်ကတည်းက ကိုဗစ်လုံးဝမဖြစ်စေရေးမူဝါဒကို ကျင့်သုံးခဲ့သည်။

တရုတ်၏ ကူးစက်ရောဂါထိန်းချုပ်မှုသည် ကမ္ဘာတွင် အတင်းကျပ်ဆုံးဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်အကြီးဆုံးမြို့နှင့် ဘဏ္ဍာရေးအချက်အချာဖြစ်သော ရှန်ဟိုင်းတွင် ထောင်နှင့်ချီသော လူများသည် အစိုးရ၏ တင်းကျပ်သော ကိုဗစ်-၁၉ အစီအမံများကို လူသိရှင်ကြား ကန့်ကွက် ခဲ့ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာရှင်ဆန်သော အုပ်စိုးမှုကို ရှုတ်ချခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW) က ဆိုသည်။

တရုတ်တစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသားများသည် ကျောင်းဝန်းများအတွင်း စုဝေးဆန္ဒပြခဲ့ကြပြီး ယင်းညတွင် ကိုဗစ်-၁၉ ဖြစ်ပွားရာ ဝူဟန်မြို့တွင် ရာနှင့်ချီသော လူများ၊ ချန်ဒူး၊ ပေကျင်းနှင့် တခြားမြို့ကြီးများတွင် လူများစွာ လမ်းများပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly