ပါကစ္စတန်ရှိ ဂွာဒါဆိပ်ကမ်း ဖော်ဆောင်မှုက ဒေသခံများအတွက် စီးပွားရေးအကျိုးတရားများ ဖြစ်ထွန်းစေခြင်း မရှိ

ပါကစ္စတန်ရှိ ဂွာဒါဆိပ်ကမ်း ဖော်ဆောင်မှုက ဒေသခံများအတွက် စီးပွားရေးအကျိုးတရားများ ဖြစ်ထွန်းစေခြင်း မရှိ

ပါကစ္စတန်နိုင်ငံတွင် တရုတ်ငွေကြေးထောက်ပံ့သော ဂွာဒါဆိပ်ကမ်းက စီးပွားရေးဆိုင်ရာ လုံးလုံးလျားလျား ပြောင်းလဲမှုတစ်ခု ဖြစ်စေလိမ့်မည်ဟု ကတိပြုမှုများ ရှိခဲ့သော်လည်း ယခုအခါ ထိုစီမံကိန်းက သီးသန့်ခွဲခြား ထားသည့် ဆိပ်ကမ်းနေရာတစ်ခု ဖြစ်နေခဲ့ပြီး ထိုဆိပ်ကမ်း၏ စီးပွားရေးအကျိုးတရားများကို ဒေသခံများ ခံစားရရှိခြင်း မရှိကြောင်း နယူးယော့ခ် အခြေစိုက် သတင်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် The China Project က ဖော်ပြသည်။

ဂွာဒါဆိပ်ကမ်းကို တရုတ်၏ ငွေကြေးပံ့ပိုးမှုဖြင့် ဖော်ဆောင်လာခဲ့သည်မှာ ၇ နှစ်ကျော်ကြာ ရှိလာခဲ့သော်လည်း အဆိုပါ ဧရိယာရှိ ဒေသခံများအနေဖြင့် ၎င်းတို့၏ လူမှုဘဝများ သို့မဟုတ် ခြံစည်းရိုးခတ်ထားသည့် ဆိပ်ကမ်း အပြင်ဘက်ရှိ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ တိုးတက်မှုများနှင့်ပတ်သက်ပြီး မည်သည့် အကျိုးတရားမှ မြင်တွေ့ရခြင်း မရှိဘဲ ဖြစ်နေသည်။

“ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဂွာဒါမှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ဒီလူငယ်မျိုးဆက်ဟာ တရုတ်ငွေကြေးပိုက်ဆံတွေကြောင့် ဂွာဒါကို နောက်ထပ် ဒူဘိုင်း ဒါမှမဟုတ် စင်္ကာပူလိုမျိုး ဖြစ်အောင် ပြောင်းလဲပေးနိုင်လိမ့်မယ် ဆိုပြီး အိပ်မက် မက်ခဲ့ကြတာပါ။ ခုလက်ရှိ အခြေအနေအရတော့ သူတို့ရဲ့ အဲဒီ မျှော်လင့်ချက်တွေ ကွဲကြေသလို ဖြစ်ခဲ့ပါပြီ” ဟု ဂွာဒါရှိ လူမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် နက်ဆီရာ ရာဟင်းမ် ဆူဟရာဘီက ပြောသည်။

ဂွာဒါမြို့တစ်မြို့လုံးသည် ယခုအခါ လုံခြုံရေးဇုန်တစ်ခုအတွင်း ရှိနေပြီး ဒေသခံများသည် ဆိပ်ကမ်းမြို့အတွင်း သွားလာရာတွင် လုံခြုံရေး စစ်ဆေးမှုများ၊ ကန့်သတ်ပိတ်ပင်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဆူဟရာဘီက ပြောသည်။

အသေးစား ငါးဖမ်းသင်္ဘောဆိပ်တစ်ခုကလည်း ယခုအခါ ဂွာဒါဆိပ်ကမ်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး အဆိုပါ နေရာတွင် ဒေသခံ ငါးဖမ်းသမားများအနေဖြင့် လုံခြုံရေး လုပ်ထုံးလုပ်နည်းများကို ဖြတ်ကျော်ရမည် ဖြစ်သည့်အတွက် သင်္ဘောဆိပ်ကို လွတ်လပ်စွာ ဝင်ထွက်နိုင်ခြင်း မရှိတော့ပေ။

ဂွာဒါဆိပ်ကမ်း၏ တောင်ဘက်ရှိ တောင်ကုန်းဧရိယာတစ်ခုဖြစ်သည့် ကိုဟ်-အီ-ဘက်တီလ်သည် တစ်ချိန်က ပင်လယ်ရှုခင်းများကြောင့် အများပြည်သူကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ မစတင်မီက အဆိုပါ နေရာသည် ပြည်တွင်းခရီးသွားများအတွက် အပန်းဖြေနေရာတစ်ခု ဖြစ်ခဲ့သည်။ ယခုအခါ ၎င်းတို့သည် လုံခြုံရေးစစ်ဆေးရေးဂိတ်များကို မဖြတ်ဘဲ ထို ဧရိယာကို ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။

ဂွာဒါ ဆိပ်ကမ်း ဖော်ဆောင်ခြင်းက ဒေသခံများအတွက် ဆိုးကျိုးများသာ ဖြစ်စေကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောကြသည်ဟု The China Project က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required