ပါကစ္စတန်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ကျဆင်းနေ

ပါကစ္စတန်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ကျဆင်းနေ

ပါကစ္စတန်နိုင်ငံတွင် လက်ရှိ ဘဏ္ဍာနှစ်၏ ပထမ ၄ လအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ၅၂ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ရာတွင် အဆိုပါနိုင်ငံ၏ စီးပွားရေးအခြေအနေ ယိုယွင်းနေမှုနှင့် နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုတို့ကို ထင်ဟပ်ပြသနေသည်။

ပါကစ္စတန်ဗဟိုဘဏ်က နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) က လက်ရှိ ဘဏ္ဍာနှစ်၏ ဇူလိုင်-အောက်တိုဘာလအတွင်း ဒေါ်လာ ၃၄၈ ဒသမ ၃ သန်းကို ကျဆင်းသွားကြောင်း ပြသနေသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်၏ အလားတူကာလအတွင်း FDI ဝင်ရောက်မှု ပမာဏက ဒေါ်လာ ၇၂၆ ဒသမ ၅ သန်း ဖြစ်သည်။

ပါကစ္စတန်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက နှစ်စဉ် ကျဆင်းလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးပမာဏပိုင်းတွင်လည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်ကဲ့သို့ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေသည်။

အများအပြား ရင်းနှီးမြှုပ်နှံမှုများကို လုပ်ငန်းကဏ္ဍအနည်းငယ်တွင် ကန့်သတ်ထားသလို ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းများအတွက်လည်း နိုင်ငံအနည်းငယ်ကိုသာ ကန့်သတ်ထားသည်။

လက်ရှိ ဘဏ္ဍာနှစ်၏ ပထမဆုံး ၄ လအတွင်း တရုတ်နိုင်ငံမှ ပါကစ္စတန်နိုင်ငံသို့ နိုင်ငံခြားတို က်ရိုက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၇၄ ဒသမ ၈ သန်း စီးဝင်ခဲ့ပြီး ထိုပမာဏက အမြင့်ဆုံး ပမာဏဖြစ်သည်။ သို့သော် ယမန်နှစ် အလားတူကာလက တရုတ်မှ ပါကစ္စတန်သို့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်သည့် ပမာဏ ဒေါ်လာ ၉၉ ဒသမ ၅ သန်းဖြစ်သည်။

တရုတ်သည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပါကစ္စတန်တွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း နှိုင်းယှဉ်လေ့လာထားသည့် ကိန်းဂဏန်းများအရ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ စတင်ကျဆင်းလာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly