တရုတ်နိုင်ငံမှ Huawei Technologies နှင့် ZTE တို့သည် နိုင်ငံ၏ လုံခြုံရေးအတွက် လက်မခံနိုင်စရာ အန္တရာယ်အဆင့်ရှိသည်ဟုဆိုကာ အဆိုပါ ကုမ္ပဏီများက ထုတ်လုပ်သည့် ပစ္စည်းများအား ပြည်တွင်း၌ ရောင်းချခွင့်ကို အမေရိကန်အစိုးရ ပိတ်ပင်လိုက်သည်။
အမေရိကန်ပြည်ထောင်စုအဆင့် ဆက်သွယ်ရေးကော်မရှင် (FCC ) က နိုဝင်ဘာ ၂၅ ရက်၌ ထုတ်ပြန်လိုက်သည့် တားမြစ်ချက်တွင် တရုတ်နိုင်ငံမှ ထောက်လှမ်းစောင့်ကြည့်ရေးပစ္စည်းများ ထုတ်လုပ်သည့် Dahua Technology Co၊ ထောက်လှမ်းရေးဗီဒီယိုကင်မရာထုတ်လုပ်သည့် Hangzhou Hikvision Digital
Technology Co Ltd နှင့် ဆက်သွယ်ရေး ကုမ္ပဏီ Hytera Communications Corp Ltd. မှ ထုတ်လုပ်သည့် ပစ္စည်းများအား ပြည်တွင်း၌ရောင်းချခြင်း သို့မဟုတ် တင်သွင်းခြင်းတို့ ခွင့်မပြုကြောင်း ပါဝင်သည်။
တရုတ်နည်းပညာကုမ္ပဏီများအနေဖြင့် အမေရိကန်နိုင်ငံသားတို့အား လျှိူ့ဝှက်စွာ ထောက်လှမ်းစောင့်ကြည့် မည်ကို စိုးရိမ်ပြီး အစိုးရက ယခုကဲ့သို့ တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
“အမေရိကန်ပြည်သူတွေကို ဆက်သွယ်ရေးကဏ္ဍကနေတစ်ဆင့် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိအောင် ကာကွယ်ပေးဖို့ မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေထဲက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ပါပဲ” ဟု FCC ၏ အမျိုးသမီးဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဂျက်စီကာ ရိုစန်ဝေါ်လဆယ်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
အမေရိကန်အစိုးရက ယခုကဲ့သို့ လုပ်ဆောင်ချက်အပေါ် Huawei က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သလို ZTE၊ Dahua၊ Hikvision နှင့် Hytera တို့က မေးမြန်းထားခြင်းကို ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။
အဆိုပါ ကုမ္ပဏီများမှ ပစ္စည်းများကို အမေရိကန်ပြည်ထောင်စုတွင် ရောင်းချခြင်းမှ တားမြစ်ရန် အဆိုပြုချက်အား ရိုစန်ဝေါ်လဆယ်က ကော်မရှင်၏ အခြား အကြီးအကဲ ၃ ဦးထံသို့ နောက်ဆုံးအတည်ပြုချက်ရရန် ပြီးခဲ့သည့်လအတွင်းက ပေးပို့ခဲ့သည်။
သတ်မှတ်ထားသည့် ကုမ္ပဏီအားလုံးမှ ပစ္စည်းများအား ရောင်းချမှုကို တားမြစ်ရန် စဉ်းစားနေကြောင်း FCC က ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ပြောကြားခဲ့သည်။
အမေရိကန်ဆက်သွယ်ရေးကွန်ရက်များကို ကာကွယ်ရန် ပြဌာန်းခဲ့သည့် ၂၀၁၉ ခုနှစ် ဥပဒေအရ Huawei၊ ZTE၊ Hytera Communications Corp Hikvision နှင့် Dahua ကုမ္ပဏီများအား နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ၂၀၂၁ ခုနှစ်၊ မတ်လတွင် သတ်မှတ်ခဲ့သည်။
FCC တွင် ကော်မရှင်အကြီးအကဲ ၄ ဦးရှိပြီး ရီပတ်ပလစ်ကင်ပါတီမှ ၂ ဦး၊ ဒီမိုကရက်တစ်ပါတီမှ ၂ ဦးတို့ဖြစ်ကာ ၎င်းတို့အားလုံးက နိုဝင်ဘာ ၂၅ ရက်က ပြဋ္ဌာန်းချက်ကို အတည်ပြုထောက်ခံခဲ့သည်။