ပေကျင်းမြို့အပါအဝင် တရုတ်မြို့ကြီးများ၌ ကိုဗစ်ကူးစက်မှုများ စံချိန်တင် မြင့်တက်

ပေကျင်းမြို့အပါအဝင် တရုတ်မြို့ကြီးများ၌ ကိုဗစ်ကူးစက်မှုများ စံချိန်တင် မြင့်တက်

တရုတ်နိုင်ငံတွင် မြို့တော်ပေကျင်းနှင့် တခြားမြို့ကြီးများတွင် နိုဝင်ဘာ ၁၄ ရက်၌ ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်ခဲ့ကာ အာဏာပိုင်များသည် ပြည်သူများ၏ ဘဝနှင့် စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်မှုလျှော့ချရန်ကြိုးစားနေရကာ ရောဂါဖြစ်ပွားမှုကို အလျင်အမြန်တိုက်ဖျက်ရေးဖိအားနှင့် ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်က ဒေသတွင်း အတည်ပြုလူနာသစ် ၁၄ ၇၆၁ ဦးရှိရာမှ နိုဝင်ဘာ ၁၄ ရက်တွင် ၁၆ ၀၇၂ ဦးအထိတွေ့ရှိခဲ့ကြောင်း နိုင်ငံကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့ပြီး ရှန်ဟိုင်းတွင် ရောဂါဖြစ်ပွားမှုအဆိုးဆုံးတွေ့ကြုံရသည့် ဧပြီ ၂၅ ရက်နောက်ပိုင်း ကူးစက်မှုအမြင့်ဆုံးဖြစ်သည်။

ပေကျင်း၊ ချုံချင်း၊ ကွမ်ကျိုးနှင့်ကျန်းကျိုးမြို့များတွင် အဆိုးရွားဆုံးတစ်နေ့တာကူးစက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ကာ ပေကျင်းတွင် ကူးစက်မှု ရာဂဏန်းတွေ့ရှိသော်လည်း တခြားမြို့ကြီးများတွင် ကူးစက်မှု ထောင်ဂဏန်းအထိ ရှိသည်။

ရောဂါကူးစက်မှုသည် တခြားနိုင်ငံများတွေ့ကြုံနေရသော ကူးစက်မှုအဆင့်နှင့် ယှဉ်လျှင် အရေအတွက် နည်းပါးသော်လည်း ကိုဗစ်လုံးဝကင်းစင်ရေးမူအရ ရောဂါကူးစက်မှုတွေ့လျှင်တွေ့ချင်း တရုတ်၏ အတင်း အကျပ်ရှင်းလင်း သုတ်သင်မှုသည် အသိုက်အဝန်းနှင့်စီးပွားရေးအပေါ် သက်ရောက်မှု တိုးစေသည်။

ရောဂါပျံ့နှံ့မှုကိုတားဆီးရန် လူပုဂ္ဂိုလ်များ၊ ရပ်ကွက်များနှင့်အများသူငှာနေရာများကို အသွားအလာ ပိတ်ဆို့ ထားဆဲဖြစ်သော်လည်း ကျန်းမာရေးကော်မရှင်က ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့သူများအတွက် သီးသန့် ခွဲထားမှုအချိန်ကို လျှော့ချခြင်းအပါအဝင် တချို့စီမံချက်များကို ဖြေလျော့ခဲ့သည်။

ပေကျင်းတွင် နိုဝင်ဘာ ၁၄ ရက်၌ အတည်ပြုလူနာ ၄၀၇ ဦးရှိပြီး ၁၃ ရက်နေ့က ၂၃၅ ဦးတွေ့ရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required