မြောင်မြို့နယ် ပရိမ္မကျေးရွာကို စစ်ကောင်စီတပ်ဝင်စီးပြီး လေကြောင်းမှတိုက်ခိုက်၊ ဒေသခံ ရာချီပိတ်မိ နေ

မြောင်မြို့နယ် ပရိမ္မကျေးရွာကို စစ်ကောင်စီတပ်ဝင်စီးပြီး လေကြောင်းမှတိုက်ခိုက်၊ ဒေသခံ ရာချီပိတ်မိ နေ

October 28

ကော်သူးလေ (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာအထိုင်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်းက ပရိမ္မကျေးရွာသို့ဝင်ရောက်စီးနင်းခဲ့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိတွေ့မှုဖြစ်ခဲ့ပြီး လေကြောင်းမှ တိုက်ခိုက်မှုနှင့်ပါ ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ရွာခံ ရာနှင့်ချီပြီး ကျေးရွာတွင်း ပိတ်မိနေဆဲဖြစ်သည်။

“သူတို့က မနက် ၅ နာရီခွဲလောက်အချိန်ကြီး ပရိမ္မကျေးရွာကို ၄၀ မမ ၆၀ မမတွေနဲ့ပစ်ပြီး ဝင်စီးတာပေါ့။ ဝင်စီးတော့ နယ်မြေခံ ပကဖတွေနဲ့အပစ်အခတ်ဖြစ်တယ်။ PDF တွေရှိတယ်ဆိုပြီး ဝင်စီးတာ။ အဲဒီမှာ ပြည်သူတွေလည်း ပိတ်မိနေတယ်”ဟု Myaung Union Army တာဝန်ခံ ကိုတိုက်ဂါးက ပြောသည်။

ကျောက်ရစ်ကျေးရွာမှ စစ်ကောင်စီတပ်မှာ အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းပတ်လေ့ရှိသဖြင့် ကျေးရွာပေါင်းခုနစ်ရွာခန့် ညစဉ်တိမ်းရှောင်ရလေ့ရှိသော်လည်း မည်သူမျှမမျှော်လင့်ထားသည့် ပရိမ္မ ကျေးရွာအား ရုတ်တရက်စီးနင်းတိုက်ခိုက်သောကြောင့် အုတ်အော်သောင်းတင်းဖြစ်ကာ ကျေးရွာ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

၎င်းပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ စုံစမ်း၍ မရသေးပေ။

ယင်းနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူအဖြစ် မုံရွာနမခမှ Mi 35 ရဟတ်ယာဉ် တစ်စီး ရောက်လာပြီး အနီးဝန်းကျင်ရွာများအထိ ဝဲပတ်ပျံကာ သုံးကြိမ် စက်လက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နောက်ထပ် Mi 35 တစ်စီးနှင့် Mi 17 တစ်စီးရောက်လာကာ ခန့်မှန်းတပ်ဖွဲ့ဝင် ၅၀ ခန့် အင်အားထပ်တိုးချသွားကြောင်း ကိုတိုက်ဂါးက ပြောပြသည်။

“အဲဒီလိုထိတွေ့မှုဖြစ်တဲ့အခါ သူတို့က လေယာဉ်ခေါ်တယ်။ ပြေးကြလွှားကြရင်း ၇ နာရီ ၁၀ မိနစ်လောက် မှာ Mi 35 တစ်စီးရောက်လာပြီးပစ်တယ်။ လူချတဲ့အစီးက ၇ နာရီ ၂၀ လောက်မှာလာတယ်။ ပရိမ္မနဲ့ ကျားအိုကျေးရွာကြားမှာချသွားတာ။ အဲဒီလေယာဉ်ပေါ်ကချသွားတဲ့ စစ်ကြောင်းကလည်း ပရိမ္မထဲကို သေနတ်တွေပစ်ဝင်လာတယ်။ နယ်မြေခံ PDF တွေကလည်း နောက်ဆုတ်ပေးရတယ်။ အဲဒီလို လေကြောင်းနဲ့ နယ်မြေခံ PDF တွေကိုတိုက်ခိုက်ပြီး ပြည်သူတွေလည်း ပိတ်မိနေလို့ဆိုပြီး ကျွန်တော်တို့ (Myaung Union Army အဖွဲ့) ကျောက်ရစ်အထိုင်စခန်းဘက် ၄၀ မမ နဲ့ သုံးချက် သွားပစ်ပေးခဲ့သေးတယ်၊ နှစ်လုံးကတော့ ပေါက်ကွဲတယ်”ဟု ကိုတိုက်ဂါးက ဆက်ပြောပြသည်။

ကျောက်ရစ်စခန်းအားပစ်ခတ်မှုဖြစ်ပြီးနောက် ပရိမ္မဘက်မှပစ်ခတ်မှုများရပ်တန့်သွားပြီး စစ်ကောင်စီ ဘက်မှ တစ်ချို့တစ်ဝက်လည်း ကျောက်ရစ်ကျေးရွာသို့ပြန်ဆုတ်ရန် ပြင်ဆင်ခဲ့ကြသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကျေးရွာတွင်းရှိနေဆဲဖြစ်၍ နောက်ဆက်တွဲအခြေအနေနှင့် ဒေသခံများ၏ ဘေးကင်းလုံခြုံမှုကို အတည်မပြုနိုင်သေးပေ။

ပရိမ္မကျေးရွာအား စစ်ကောင်စီတပ်မှဝင်ရောက်စီးနင်းနေခြင်းနှင့်ပတ်သက်၍ စုံစမ်းရရှိသမျှကို မဇ္ဈိမမှ ဆက်လက် တင်ဆက်ပေးသွားပါမည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မြောင်မြို့နယ်

#ပရိမ္မကျေးရွာ

#ဝင်ရောက်စီးနင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required