တိဗက်တွင် ကိုဗစ်ဖြစ်ပွားမှုက တရုတ်၏ စီးပွားရေးတိုးတက်မှုကို ထိခိုက်

တိဗက်တွင် ကိုဗစ်ဖြစ်ပွားမှုက တရုတ်၏ စီးပွားရေးတိုးတက်မှုကို ထိခိုက်

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုဗစ်ကူးစက်မှုများ မြင့်တက်လာမှုသည် စီးပွားရေး တိုးတက်မှုရည်မှန်းချက်များ ပြည့်မီအောင်လုပ်ဆောင်နေသော တရုတ်အာဏာပိုင်များအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး နှေးကွေးနေပြီးသားစီးပွားရေးပေါ် သက်ရောက်မှုရှိခဲ့ကြောင်း Financial Postကဖော်ပြသည်။

ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အဓိကမြို့ကြီးများတွင် အစုလိုက်အပြုံလိုက် ရောဂါစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကာ အာဏာပိုင်များသည် ဖျော်ဖြေရေး၊ ယဉ်ကျေးမှုနှင့် အားကစားခန်းမများကို ပိတ်ပစ်ခဲ့သည်။

တိဗက်တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းသည် အဓိကအားဖြင့် တရုတ်ပြည်မကြီးမှ တိဗက်သို့ ရထားခရီးစဉ်ဖြင့် လာကြသော တရုတ်ခရီးသွားများကြောင့်ဖြစ်သည်။

တိဗက်ဒေသရှိ တိဗက်လူမျိုးများအပေါ် လက်ရှိဖြစ်ပျက်နေသော ရက်စက်ကြမ်းကြုတ်မှုများသည် Weibo၊Wechat၊TikTokကဲ့သို့သော တရုတ်လူမှုမီဒီယာပလက်ဖောင်းများနှင့် တရုတ်ရဲများနှင့်အရာရှိများ၏ မတော်တမတရားပြုမူမှုများကို အသေးစိတ်ဖော်ပြသော တခြားဒစ်ဂျစ်တယ်ဆက်သွယ်ရေးချန်နယ်များတွင် ဖော်ပြလာကြသည်ဟု Financial Postကဆိုသည်။

တရုတ်မြို့ကြီးများနှင့် တိဗက်ရှိ ဒေသအများအပြားတွင် ကိုဗစ်ကူးစက်မှုမြင့်တက်လာသောကြောင့် တရုတ်သည် တရားဝင်ထုတ်ပြန်ထားသော စီးပွားရေးရည်မှန်းချက်များကို လက်လွှတ်ခဲ့ရကာ အိမ်ခြံမြေကဏ္ဍဝင်ငွေသည် ၂၀၂၂ ခုနှစ်တွင် ၃၁ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ဂျီဒီပီကို ထိခိုက်စေခဲ့သည်။

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအောက်၌ ကိုဗစ်စီမံခန့်ခွဲမှုအလွဲများနှင့် တင်းကျပ်သော စီမံချက်များက တိဗက်ကုန်းပြင်မြင့်ဒေသကို အကြီးအကျယ်ထိခိုက်စေပြီး တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်ဒေသမှ သတင်းအချက်အလက်များကိုလည်း ပိတ်ဆို့ထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ တရုတ်ရှိ တခြားဒေသများကဲ့သို့ တိဗက်တွင်လည်း အလားတူ ကန့်သတ်ချက်များ အတင်းအကျပ် ချမှတ်ခဲ့သည်။ တိဗက်များကို သီးသန့်ခွဲထားရေး စခန်းများ သို့မဟုတ် အိမ်တွင်း၌ နေခိုင်းသည်။ ထို့ကြောင့် တိဗက်များမှာ စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်ရသည့်အပြင် အလုပ်အလုပ်အကိုင်နှင့် အသက်မွေးကျောင်းလုပ်ငန်းဆုံးရှုံးမှုများကို ကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly