ဒီမအေးချမ်းတဲ့ ကာလတစ်လျှောက်မှာ ကောင်းကွက် တစ်ကွက်မှ မရှိဘူး KNU-KNLA ဗိုလ်မှူးကြီး စောကျော်ညွန့် တွေ့ဆုံခြင်း

ဒီမအေးချမ်းတဲ့ ကာလတစ်လျှောက်မှာ ကောင်းကွက် တစ်ကွက်မှ မရှိဘူး KNU-KNLA ဗိုလ်မှူးကြီး စောကျော်ညွန့် တွေ့ဆုံခြင်း

KNU-KNLA ငြိမ်းချမ်းရေး ကောင်စီ၏ ဗိုလ်မှူးကြီး စောကျော်ညွန့်နှင့် မဇ္ဈိမတို့ မကြာသေးခင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။ မေးမြန်းချက်အတွင်း အနာဂတ် ငြိမ်းချမ်းရေး အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထင်မြင်ယူဆချက်ကို ပြောဆိုရာတွင် ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်ခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိအောင် ဆက်လက် ဆောင်ရွက်နိုင်မည်ဟု သူကဆိုသည်။

 

ငြိမ်းချမ်းရေးမှာ လာမယ့် အစိုးရလက်ထက်မှာ ဘယ်လောက်တိုင်းတာထိ ပူးပေါင်း လက်တွဲမလဲ။

ဒီကိစ္စမှာ ကျွန်တော်တို့ကတော့ အားလုံး သိတဲ့အတိုင်းပဲလေ။ နာမည်မှည့်ကတည်းကိုက ငြိမ်းချမ်းရေး ကောင်စီလို့ မှည့်ထားတာကိုး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးထက် ဦးစားပေးရမယ့်အရာ တစ်ခုမှ မရှိဘူး။ အဓိက  ကျွန်တော်တို့ ငြိမ်းချမ်းရေးလို့ သတ်သတ် မှတ်မှတ် ပြောခဲ့ရတာကလည်း ဒီနိုင်ငံမှာ မငြိမ်းချမ်းခဲ့လို့ ပြည်သူတွေ ဒုက္ခ ရောက်ခဲ့ ရတယ်။ ဒီနိုင်ငံဟာ မငြိမ်းချမ်းခဲ့လို့ လူနေမှု အဆင့်တန်းတွေ ဆင်းရဲဆုံး နိုင်ငံ ဖြစ်ခဲ့ရတယ်။ အဲတာတွေဟာ ငြိမ်းချမ်းရေး ရမှသာလျှင် ကျွန်တော်တို့က ပြန်ပြီးတော့ တည်ဆောက်နိုင်မယ်လို့ အပြည့်ဝယုံကြည်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က အစကတည်းကိုက ကိုယ်ကိုယ့်ကို ငြိမ်းချမ်းရေး ကောင်းစီလို့ နာမည်ပေးထားတာ။ ငြိမ်းချမ်းရေးရှိမှလည်း ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ခိုင်ခိုင်မာမာ လုပ်လို့ရမှာ အဲဒီငြိမ်းချမ်းရေးဟာ ဘယ်အစိုးရနဲ့ပဲဖြစ်ဖြစ် အဲဒီငြိမ်းချမ်းရေးအတွက် တကယ့်စိတ်ရင်း စေတနာမှန်နဲ့ လက်တွဲဆောင်ရွက် တစ်ယောက်ဆိုရင် အပြည့်အဝ လက်တွဲ လုပ်ကိုင်ပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောထားတယ်။ တိုင်းရင်းသားတွေနဲ့ အပြည့်အဝ လက်တွဲ လုပ်ကိုင်မယ်ဆိုတော့ သူ့အပေါ်မှာကော တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ယုံကြည်လို့ရမလဲ။ ဘယ်လောက်ထိ အားကိုးလို့ရမလဲ။

ကျွန်တော့်အမြင်ကတော့ သမိုင်းကြောင်းနဲ့ ပြန်ပြောမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးနိုင်တာ သူ့အဖေ။ ဗမာပြည်မှာ တိုင်းရင်းသား အားလုံး အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုက ခေတ်အဆက်ဆက်က စာအုပ်ထဲမှာပဲ ရှိတယ်။ တကယ့်တကယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဒို့အရေးဆိုပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာကို လက်တွေ့ အကောင်အထည် ဘယ်သူမှ မဖော်ကြဘူး။ လုပ်လည်း မလုပ်ကြဘူး။ အဲတာကြောင့်မို့လို့ ကျွန်တော်တို့က သမိုင်းကြောင်းပြန်ကြည့်တဲ့ အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ အဓိက လိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မရရအောင် ယူခဲ့တယ်။

ဆိုလိုချင်တာက အဲဒီပင်လုံစာချုပ်သာ မချုပ်ဖြစ်ခဲ့ဘူးဆိုရင် ၁၉၄၈ခုနှစ်  လွတ်လပ်ရေးနေ့ ဆိုတာလည်း ကြေငြာလို့ ရချင်မှ ရဦးမယ်။ ၄၇ခုနှစ် ပင်လုံညီလာခံကနေ ထွက်ပေါ်လာတဲ့ တိုင်းရင်းသားညီညွတ်မှုကို အခြေခံပြီးတော့ ဇွန်လ ၄၈ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တယ်။ အဲဒီပင်လုံညီလာခံကနေ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးတဲ့ ပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ ဗိုလ်ချုပ်အောင်ဆန်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက သူတည်ထောင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို သူက အကောင်ထည်မဖော်နိုင်ခဲ့ဘူး။ သူက ကျဆုံးသွားတယ်။ ခေတ်အဆက်ဆက် ဗိုလ်ချုပ်အာမခံလာတဲ့ တိုင်းရင်းသား အခွင့်အရေးတွေလည်း ကျွန်တော်တို့က အစဉ်အဆက် လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် အခု ဗိုလ်ချုပ်သမီး တက်လာတဲ့ အချိန်မှာ ဗိုလ်ချုပ်သွေးလည်း ဟုတ်တယ်။ ဗိုလ်ချုပ်သမီးလည်း ဟုတ်တယ်။ ဗိုလ်ချုပ်လက်ထက်က အုတ်မြစ်ချခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလို့ ပြောလိုက်ကတည်းကိုက တိုင်းရင်းသားတွေလိုချင်တဲ့ အချက် ကိုယ်ပိုင်ပြဌာန်းခွင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး၊ အဲဒီဟာတွေကို ဒေါ်စုလက်ထက်မှာလည်း ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ဆောက်ရွက်လို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။

အဲတော့ NCA လက်မှတ်ထိုးတဲ့အထဲမှာ အစိုးရက သတ်မှတ်ထားတာ ၁၆ဖွဲ့လို့ပြောတယ်။ ဒါပေမယ့် လက်တွေ့တော့ ၂၂ ဖွဲ့ရှိတာပေါ့နော်။ နောက်တစ်ခုက အဲဒီ ၁၆ဖွဲ့ထဲမှာမှ ဒီ၈ဖွဲ့က လက်မှတ်ထိုးထားတယ်။ ကျန်တာ ၈ဖွဲ့ရှိတယ်။ ဆိုတော့ အဲတော့ ပြီးခဲ့တဲ့ ဦးသိန်စိန်အစိုးရလက်ထက်မှာ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိ အောင်မြင်တယ်လို့ ပြောလို့ရမလဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် ဒါတော့ တိုးတက်တယ်။ တစ်စုံတစ်ရာ အခြေနေကောင်းတယ် ဆိုတဲ့ဟာမျိုး ဘယ်လောက်ထိပြောလို့ရမလဲ။

ဘယ်လောက်အတိုင်းတာ ထိလဲဆိုတာတော့ တိုးတက်မှုဆိုတာ ကျွန်တော်တို့အားလုံး လက်ခံနေရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အစိုးရလက်ထက်မှာမှ ဦးသိန်းစိန် အစိုးရလိုမျိုး ၆၀နှစ်နောက်ပိုင်း တက်လာတဲ့ အစိုးရ အကုန်လုံးက စစ်အုပ်ချုပ်ရေးတွေပဲ တက်လာခဲ့ပြီးတော့မှ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ တက်လာတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်ကျတော့ ဒီမိုကရေစီအစိုးရစံ ပြုပြင်ပြောင်လဲမှုတွေ အများကြီး လုပ်ခဲ့တယ်။ နိုင်ငံရေးလည်း ပြောင်းလဲတယ်။ စီးပွားရေးဆိုရင်လည်း တံခါးဖွင့် စီးပွားရေး ဝါဒပြည့်စုံလာတယ်။ ဒီပြောင်းလဲမှုတွေဟာ ကျွန်တော်တို့အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အခြေခံ အုတ်မြစ်တစ်ခုပါပဲ။ ဦးသိန်းစိန်အစိုးရကတော့ ဘယ်လိုပဲပြောပြော သူလုပ်တာအကုန်လုံးကို ကြိုက်တဲ့သူလည်း ရှိမယ်။ မကြိုက်တဲ့သူလည်း ရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့ အမှန်ကုန် ဝန်ခံမယ်ဆိုရင်တော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာပဲ ကျွန်တော်တို့ တိုင်းရင်းသားတွေ မျှော်လင့်တဲ့ ငြိမ်းချမ်းရေး ရောင်ခြည်တွေ ပြောင်းလဲလာတယ်ဆိုတာ ကျွန်တော်တို့ ရဲရဲကြီး ဝန်ခံဖို့ လိုအပ်မယ် ထင်ပါတယ်။

ကျွန်တော်တို့ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ထိ အောင်မြင်တယ်လို့ ပြောလို့ရမလဲ။

ကျွန်တော်တို့ကလည်း တွက်ချက်မှုကတော့ အတိကျတော့ တွက်လို့ရမှာ မဟုတ်ဘူး ထင်တယ်။ သူခံစားချက် ကိုယ့်ခံစားချက်  ကွာချင်ကွာလိမ့်မယ်လေ။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ပြောရမယ်ဆိုရင်တော့ ရာခိုင်နှုန်းအနေနဲ့တော့ ကျွန်တော်မပြောရဲဘူး။ ဒါပေမယ့် အနာဂတ်အတွက် ငြိမ်းချမ်းရေး ကောင်း ရရှိနိုင်တဲ့ အခြေခံ လမ်းစကောင်းလေးတွေတော့ တော်တော်များများ ထပ်တွေ့နိုင်မယ်။

 

ဒါပြည့်စုံတဲ့ ငြိမ်းချမ်းရေး မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့နော်။

မဟုတ်ပါဘူး။

ဒါဆိုရင်သူက အခြေခံကောင်းတွေတော့ ပေးခဲ့တယ်။ လာမယ့်အစိုးရလက်ထက်မှာကော အခုနက ကျွန်တော်တို့ အားကိုးတယ်လို့ ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်သမီးလည်း ဖြစ်တယ်။ နိုင်ငံတကာက လေးစားရတဲ့ ခေါင်းဆောင် ဖြစ်တဲ့ အခါကျတော့ သူ့အစိုးရသက်တမ်း ငါးနှစ်မှာကော ဒါပြည့်စုံတဲ့ ငြိမ်းချမ်းရေး ရမယ်လို့ မျှော်မှန်းလို့ ရလား။

မျှော်တော့ မျှော်မှန်းချင်တယ်။ ဒါပေမယ့်  မမျှော်မှန်းရဲသေးဘူးဗျ။ ဘာဖြစ်လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေက ကျွန်တော်တို့ NCA  ထိုးတာ ၈ဖွဲ့ပဲ ရှိသေးတယ်လေ။ ပြီးခဲ့တဲ့ ညီလာခံတုန်းကလည်း အဲဒီ ၈ဖွဲ့ပဲ တက်တယ်လေ။ ကျန်တဲ့အဖွဲ့တွေကလည်း လေ့လာသူအနေနဲ့ ဖိတ်ကြားနိုင်တယ်။ လေ့လာသူအနေနဲ့ ဖိတ်ကြားတာတောင်မှ တက်တဲ့အဖွဲ့ဆိုလို့ ဝ အဖွဲ့ပဲ ရှိသေးတယ်။ ကျန်တဲ့ ကချင်တို့ ဘာတို့ တစ်ယောက်မှ မတက်သေးဘူး။ ကျန်တဲ့လက်နက်ကိုင် တိုင်းရင်းသားတွေ အကုန်လုံး မပါလာပဲနဲ့တော့ ဒီငြိမ်းချမ်းရေးကို လုပ်တဲ့အခါ နှောင့်နှေးမှုဆိုတာ ရှိဦးမှာပဲ။ နောက်တက် လာမယ့် ဒေါ်စု အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးကို အပြီးပိုင် လုပ်ဆောင်နိုင်မလား ဆိုတော့ အဲတာ သူရဲ့လုပ်ဆောင်ရည် ပေါ်မှာပဲ ပြန်ကြည့်ရအုံးမှာပေါ့။ အခုလက်ရှိ အစိုးရလုပ်ထားတဲ့ဟာကိုလည်း သူ့လက်ထက်မှာကျရင် အဓိက ဦးစားပေး လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ ပြောခဲ့ပါတယ်။

ဗိုလ်မှူးကြီးက ဆွေးနွေးပွဲတွေလည်း တက်ခဲ့တယ်ဆိုတဲ့ အခါကျတော့ တပ်ပိုင်းက  ပုဂ္ဂိုလ်တွေနဲ့လည်း စကားပြောခဲ့မှာပေါ့။ သူတို့ရဲ့ သဘောထားကို အနီးကပ် ဆက်ဆံကြည့်တဲ့ အခါမှာ သူတို့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ကျွန်တော်အမြင်ကတော့ အဲဒီက ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေဟာလေ သူတို့လည်း ဘယ်လိုပြောမလဲ နောက် မျိုးဆက်သစ် တက်လာတဲ့သူတွေလို့ ထင်တယ်လေ။ သူတို့ရဲ့ အမြင်တွေက အင်မတန် ခေတ်မီပါတယ်။ သူတို့လည်း ဒီနိုင်ငံ မငြိမ်းခဲ့ရလို့ ဆင်းရဲခဲ့ရတယ်။ ဒီဖြစ်မျိုး မဖြစ်အောင် ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်မလဲဆိုတာ သူတို့လည်း စိတ်အားထက်သန်မှုတော့ ရှိတယ်။ သူတို့က တပ်ဆိုတာတော့ သိတဲ့အတိုင်းပဲလေ သူတို့မှာ ချုပ်ကိုင်မှုတွေ စည်းမျဉ်းစည်းကမ်းတွေ အမျိုးမျိုး ရှိမှာပေါ့။ သူတို့မှာ တက်တက်ကြွကြွ လုပ်ကိုင်ချင်စိတ်ရှိပေမယ့် သူတို့ရဲ့ စည်းနဲ့ ဘောင်နဲ့ လုပ်ရတဲ့ အခါကျတော့ လွတ်လွတ်လပ်လပ် မလုပ်နိုင်တဲ့ သဘောမျိုးတော့ တွေ့ရတယ်။

 

အပြင်ဘက်က ကြည့်ရင် ကျန်တဲ့ KIO  လိုမျိုး AA လိုမျိုး ဒီလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေက ဘာကြောင့် လက်မှတ် မထိုးနိုင်သေးတာလဲလို့ မေးရင် ဘယ်လိုဖြေနိုင်မလဲ။

အဲဒီမှာ ကျွန်တော်တို့ ယူဆချက်က တစ်ယောက်နှင့်တစ်ယောက် မတူကြဘူး။  ကျွန်တော် အရှင်းဆုံး ဥပမာ တစ်ခုပြောမယ်ဆိုရင် ဆိုလိုချင်တာက တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုကို မတည်ဆောက်နိုင်သေးဘူး တိုင်းရင်းသားလက်နက်ကိုင်ကလည်း အစိုးရကို မယုံဘူး။ အစိုးရလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကို မယုံဘူး။ ဒါပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲလို ငြိမ်းချမ်းရေး စလုပ်တော့မယ်ဆိုတော့ အစိုးရ ဖြစ်စေချင်တာက အခုနကလိုမျိုး NCA  လက်မှတ်ထိုး လက်မှတ်ထိုးပြီးတော့ ဒီစားပွဲပေါ်တက်လာ စကားပြောမယ်။ တိုင်းရင်းသားတွေ ဖြစ်ချင်တာက လက်မှတ်မထိုးသေးဘူး လက်မှတ် မထိုးခင် နင်တို့ ငါတို့ဆီမှာတပ်စွဲထားတဲ့ တပ်တွေကို ပြန်ဆုတ် အဲလိုပြန်ဆုတ်ရင် ငါတို့ ထိုးမယ်။ အဲဒီအမြင်ကွာခြားချက်တွေက ရှိနေတာပေါ့။ ကျွန်တော်တို့ကကော အစိုးရတွေ မဆုတ်ပဲနဲ့ ဘာလို့ ထိုးလိုက်လဲဆိုတော့ အပြည့်အဝယုံကြည်စိတ်ချလားဆိုတော့ မစိတ်ချပါဘူး။ ဒါပေမယ့် လက်ရှိမလုပ်တာနဲ့စာရင် အဲလိုလုပ်လိုက်ခြင်းအားဖြင့် ကိုယ့်အတွက် ရှေ့ဆက်လျှောက်ရမယ့်လမ်း ပိုပြီးတော့ ပွင့်လာမလားဆိုတဲ့ ရှေ့ဆက်တိုးလို့ ရမလားဆိုပြီးတော့ အဲတာ ကျွန်တော်တို့ လုပ်ခဲ့တာ။ ကျန်တဲ့ အဖွဲ့တွေက မထိုးသေးတာ အခုနက ကျွန်တော်ပြောသလိုပဲ သူတို့ရဲ့ ခံယူချက်က အခုနကလိုမျိုးပေါ့။ နင်တို့ ငါတို့ကို ဒါတွေ ဒါတွေ ပေးမှ ငါတို့ ထိုးမယ်။ အစိုးရလည်း မပေးနိုင်သေးတဲ့ အတွက်ကြောင့်မို့လို့ ဒီ သဘောလို့ ကျွန်တော်မြင်ပါတယ်။

 

ငြိမ်းချမ်းရေး မရတဲ့ အကျိုးဆက်က ကရင်ပြည်နယ်အတွက် ဘာတွေများ ဆိုးကျိုးဖြစ်လဲ။

 ဆိုးကျိုးကတော့ ကဏ္ဍတိုင်းမှာ ရှိတာပဲ။ လူမှုရေးလည်း အကုန်လုံး ပျက်စီးတာပဲ။ အခုဆိုရင် ကျွန်တော်တို့ ပြည်တွင်းစစ် နှစ်၆၀ ကာလ ဒီဒေသက ကလေးတွေက တော်တော်များများ စာမတတ်ကြဘူး။ စာမတတ်ဘူးဆိုတာ တစ်ချိန်လုံးပဲ စစ်ပြေးနေရတာကိုး။ နောက်ပြီးတော့ ဒုက္ခသည် စခန်းမှာလည်း သွားနေရတယ်။ ဒုက္ခသည် စခန်းမှာ သွားနေရတဲ့ အခါကျတော့ ကိုယ့်အိမ်ကိုယ်ရာ မဟုတ်ဘူး။ ကိုယ့်တစ်ဖက်နိုင်ငံကယဉ်ကျေးမှုက သူတို့ကို လွှမ်းမိုးလာတယ်။ ပြန်ကြည့်မယ်ဆိုရင်တော့ ဒီမအေးချမ်းတဲ့ ကာလတစ်လျှောက်မှာ ကျွန်တော်တို့အတွက်က ကောင်းကွက် တစ်ကွက်မှ မရှိဘူး။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အကုန်လုံး ဆိုးတာကြီးပဲ ရှိတယ်။

ငြိမ်းချမ်းရေ ရပြီဆိုကြပါစို့ ပြီးခဲ့တဲ့အစိုးရကလည်း အခြေခံကောင်းတွေ ချမှတ်ပေးခဲ့တယ်။ နောက်လာမယ့် အစိုးရသစ်ကလည်း ငြိမ်းချမ်းရေးအတွက် လုပ်ပေးမယ်ဆိုတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေး ရပြီလို့ပဲ ဆိုကြပါစို့ ငြိမ်းချမ်းရေးရမယ်ဆိုရင် ကရင်ပြည်နယ်အတွက် ပထမဦးဆုံး ဘာများဖြစ်ချင်လဲ။

အဓိက ကတော့ ကရင်ပြည်သူတွေဟာ နိုင်ငံတော် အစိုးရရဲ့ မှားယွင်းတဲ့ အုပ်ချုပ်မှု တစ်ခုကြောင့် ပြည်တွင်းစစ် အစိုးရ ဖြစ်ခဲ့တယ်။ အဲဒီပြည်တွင်းစစ်ရဲ့ ဆိုးကျိုးကို ကရင်ပြည်သူတွေက အဆိုးဝါးဆုံး ခံခဲ့ရတယ်။ တစ်ဘက်နိုင်ငံ ရောက်တဲ့ သူလည်း ရှိတယ်။ နယ်စပ်ရောက်တဲ့သူလည်း ရှိတယ်။ အိုးပျက်အိမ်ပျက် သားကွဲ မယားကွဲတွေလည်း အများကြီး ရှိတယ်။ အဲဒီတော့ နံပါတ်တစ်လုပ်ရမှာကတော့ တကယ်ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်လို့ရပြီဆိုရင် ပြည်တွင်းစစ်ကြောင့် ဒုက္ခဖြစ်သွားတဲ့ နယ်စပ်က ကရင်တွေ ဟိုဘက်ရောက်သွားတဲ့ ကရင်ပြည်သူတွေ အဲဒီလူတွေကိုနေရာ ပြန်ချထားရေး လူဂုဏ်သိက္ခာနဲ့ အညီ နေထိုင်လုပ်ကိုင် စသောက်နိုင်ဖို့ ပြန်လည် နေရာချထားရေး ဆိုပြီး အိမ်တစ်လုံး လာဆောက်ပေးရုံနဲ့ မပြီးသေးပါဘူး။ တစ်ချို့က ဟိုနယ်စပ်မှာ မွေးတယ်ဗျာ။ တစ်ချို့က အမေရိကားမှာ မွေးတယ်ဗျာ။ သူတို့က ဒီမှာပြန်လာနေပြီးတော့ ချက်ချင်း သူထမင်း သူရှာစားရတော့မယ်ဆိုရင် ချက်ချင်းတော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ အဲဒါတွေ ကျွန်တော်တို့ ပညာပေး လုပ်ငန်းဖြစ်ဖြစ် လူမှုဖွံ့ဖြိုးရေး အပိုင်း ပတ်သက်ပြီးတော့ အဲဒါတွေကို အဓိကထားပြီးတော့  ဦးဆောင်ပြီးတော့ လုပ်ပေးမယ်လို့ ပြောချင်တယ်။

ဒါပထမဆုံး အဆင့်ပေါ့။ နောက် ဒါထက်ပိုပြီးတော့ မြင့်မြင့်မားမား မျှော်မှန်းမယ် ဆိုရင်ကော ဘာများဖြစ်မလဲ။

မြင့်မြင့်မားမား မျှော်မှန်းမယ် ဆိုရင်တော့ ဒါကတော့ ကျွန်တော်တို့ပြည်နယ်လည်း တစ်ခြားပြည်နယ် ရန်ကုန်တိုင်းတို့လို ဖြစ်ချင်တာပေါ့။ နေပြည်တော်မှာ မီးလင်းသလိုမျိုး ကျွန်တော်တို့ ပြည်နယ် မီးလင်းချင်တာပေါ့ဗျာ။ ကျွန်တော်တို့ ပြည်နယ်ကလမ်းတွေလည်း နေပြည်တော်က လမ်းလိုမျိုး ကား ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးလို့ရတဲ့လမ်း ဖြစ်ချင်တာပေါ့ဗျာ။ ဆိုလိုချင်တာက တစ်တိုင်းပြည်လုံး အဲလိုမျိုးတန်းတူ ညီမျှ တိုးတက်မှု ရှိမှပဲ အခုနက ကျွန်တော်တို့ မျှော်လင့်တဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ အထောက်အကူ အများကြီး ဖြစ်မယ်လေ။ တစ်ဖက်ကတော့ ကောင်းတယ် တစ်ဖက်က ဆင်းရဲတယ် ဆိုရင်လည်း အဲလို ကွာဟချက်တွေ ရှိတယ်။ ဒါငြိမ်းချမ်းရေး အတွက်က အဲလို အပြည့်အဝ ပြောလို့ မရသေးပါဘူး။ ကျွန်တော်ဖြစ်ချင်တာပေါ့ဗျာ။ ကျွန်တော်တို့ ကရင်ပြည်နယ်က ခေတ်အဆက်ဆက် ပြည်တွင်းစစ် အစိုးရ ခံခဲ့ရတယ်။ ဆိုတော့ အခုငြိမ်းချမ်းရေး ပြန်လာလုပ်ပြီ။ ငြိမ်းချမ်းရေးပြန်လည် တည်ဆောက်တဲ့ ဒါကျွန်တော့် အတ္တလို့ ပြောလို့ ရပါတယ်။ ကရင်ပြည်နယ်ဟာ ခံခဲ့ရတော့ သူများထက် ပိုခံရတယ်။ အခုပြန်လည်ပြီးတော့ ငြိမ်းချမ်းရေး လုပ်တဲ့ အခါကျရင် နေပြည်တော်မှာ ဖွံ့ဖြိုးရေး တစ်သိန်းလုပ်ရင် ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ဦးစားပေး အနေနဲ့ ငါးသိန်းလောက် လုပ်ပေးစေချင်တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required