ကြည့်မြင်တိုင် ပန်းပင်နီလမ်း၌ ဆန္ဒပြတောင်းဆိုသူများအား စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးသည့်ဖြစ်စဉ်နှင့် စပ်လျဥ်း၍ ရေဘဝဲအဖွဲ့အား ဆက်သွယ်မေးမြန်းချက်

ကြည့်မြင်တိုင် ပန်းပင်နီလမ်း၌ ဆန္ဒပြတောင်းဆိုသူများအား စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးသည့်ဖြစ်စဉ်နှင့် စပ်လျဥ်း၍ ရေဘဝဲအဖွဲ့အား ဆက်သွယ်မေးမြန်းချက်

စက်တင်ဘာ ၁၄

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ပန်းပင်နီလမ်း(ပန်းပင်ကြီးလမ်း) တွင် ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် ညနေခင်းက ဆန္ဒပြဦးရေ ၃၀ ခန့်ပါဝင်သော လူအုပ်စုမှ လူထုတေးသံ သီချင်းသံပြိုင်သီဆို၍ "UN Prove Your Existence For Justice" စာသား ကိုင်ဆွဲကာ ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ ပြည်သူ့အစိုးရကိုယ်စားပြုဖြစ်ကြောင်းနှင့် ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် UN ကိုတောင်းဆိုသည့် အကြမ်းမဖက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် ၁၅ ယောက်ကျော် အဆက်အသွယ်ပြတ်တောက်နေကြောင်း ရေဘဝဲ၏ ထုတ်ပြန်ချက်အရ သိရသဖြင့် ဖြစ်စဉ်ဖြစ်ချိန်က မြေပြင်အခြေအနေနှင့် အသေးစိတ်အကြောင်းအရာများကို သိရှိနိုင်ရန်၊ အဆက်အသွယ်ပြတ်တောက်နေသူများ၏ နောက်ဆက်တွဲရရှိသော သတင်းအားသိရရန် ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) အား မဇ္ဈိမ မှ ဆက်သွယ်မေးမြန်းထားသည်။

မဇ္ဈိမ(မေး)။ ။ ထုတ်ပြန်ချက်အရ ၁၅ ယောက်ကျော် အဆက်အသွယ်ပြတ်တောက်နေတယ်ဆိုတာ အားလုံးက ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောလို့ရလား၊ ဒါမှမဟုတ် ထွက်ပြေးတိမ်းရှောင်ရင်း လုံခြုံတဲ့နေရာမရောက်နိုင်သေးတာရော ဖြစ်နိုင်လားခင်ဗျာ။

ရေဘဝဲ(ဖြေ)။ ။ ဟုတ်ကဲ့။ ဖြစ်နိုင်ပါတယ်ခင်ဗျ။ ကျွန်တော်လည်း အခုလိုမျိုး တွေးမိတာဖြစ်တဲ့အတွက် နာမည်အတိအကျ၊ ဘယ်အဖွဲ့က ဘယ်နှစ်ယောက်ဆိုတာကို မထုတ်ပြန်သေးတာဖြစ်ပါတယ်။ တကယ်လို့ အားလုံးတိကျတယ်ဆိုရင်တော့ ထုတ်ပြန်ချက်ထုတ်မှာဖြစ်ပါတယ်၊ အဲ့ဟာလေးကို အခြေအနေစောင့်ကြည့်နေပါတယ်။

မဇ္ဈိမ(မေး)။ ။ စကစ ဝါဒဖြန့် သတင်းမီဒီယာတွေကတော့ ၂၇ ဦးဖမ်းမိထားတယ်ဆိုပြီး သတင်းတည်ဆောက်ထားတာတွေ့ရပါတယ်၊ ဒါဟာ လိမ်ညာတာလည်းဖြစ်နိုင်သလို တကယ်လည်းဖြစ်နိုင်တာမို့ အစ်ကိုတို့ ဒီကနေ့ပွဲမှာ ပါဝင်သူအင်အားကရော အဲ့ဒီနှုန်းထားလောက်ရှိခဲ့လား၊ ကျော်လွန်ခဲ့လား သိပါရစေ။(ခန့်မှန်းခြေပြောပေးရင်ပဲရပါပြီဗျ)

ရေဘဝဲ(ဖြေ)။ ။ ၁၅ ယောက်ကျော်ဆိုတာက အဖွဲ့ ခြောက်ဖွဲ့လောက်ကပါပါတယ်၊ ၂၇ ယောက်တော့မဟုတ်ဘူးဗျ၊ ၂၇ ယောက်ဆိုရင် ပြည်သူတွေပါလိမ့်မယ်လို့ယူဆတယ်၊ ကျွန်တော်တို့ ဒီနေ့ပွဲရဲ့ စုစည်းမှုက ၃၀ လောက်ပဲရှိတယ်၊ ၃၀ လောက်ပဲရှိတဲ့အထဲမှာ အဖမ်းမခံရတဲ့အဖွဲ့အစည်းတွေရှိတယ်၊ သုံးဖွဲ့၊ လေးဖွဲ့လောက်က တစ်ယောက်မှ မပါသွားဘူး၊ တချို့ပါတဲ့အဖွဲ့အစည်းတွေကလည်း အကုန်လုံးပါတာမဟုတ်ဘူး၊ တစ်ယောက်လွတ်တာ နှစ်ယောက်လွတ်တာတွေရှိတဲ့အတွက် အဲ့လောက်မရှိဘူးဗျ။ သတင်းအတိအကျဆိုရင် အဲ့လောက်မရှိဘူး၊ ၁၅ ယောက်တော့ကျော်တယ်၊ အနည်းဆုံး ၁၅ ယောက်မဟုတ်ဘူး၊ ၁၅ ယောက် အောက်မကျဘူး၊ ၁၅ယောက် ကျော်လိမ့်မယ်၊ သတင်းထောက်တွေပါ ပါတယ်။

မဇ္ဈိမ(မေး)။ ။ အဲ့ဒီလမ်းမှာပဲ မနှစ်ကလည်း ဒီနေ့လိုဖြစ်စဉ်ဖြစ်ထားဖူးတော့ အဲ့တုန်းကလည်း သေတဲ့သူသေသလို၊ ဖမ်းခံရတဲ့သူတွေလည်းမနည်းခဲ့ဘူးဗျ။ ဒီတစ်ခေါက်ရော စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဘယ်နှစ်ဦးဘယ်နှစ်ယောက်များ ထိခိုက်ဒဏ်ရာရတာမျိုး ရှိသေးလားဗျ။

ရေဘဝဲ(ဖြေ)။ ။ ဟုတ်ကဲ့။ မနှစ်ကလည်း ပန်းပင်နီလမ်းမှာ ကားနဲ့တိုက် ဖြိုခွင်းတဲ့ဖြစ်စဉ် ဖြစ်သွားတယ်ပေါ့လေ၊ အဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ ရေဘဝဲအနေနဲ့စုစည်းပြီးတော့ တစ်ပွဲ၊ ပန်းပင်နီလမ်းမှာပြန်ထွက်တယ်၊ ကျွန်တော်တို့ page မှာပြန်ကြည့်လို့ရပါတယ်၊ အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါတယ်။ ဒီကနေ့ ပွဲမှာတော့ သူတို့ဖမ်းတဲ့အချိန်မှာတော့ သေနတ်ပစ်တယ် ဖောက်တယ်၊ ပစ်တဲ့အချိန်မှာ ရဲဘော်တစ်ဦး ကျွန်တော်တို့ရေဘဝဲထဲကတော့ မဟုတ်ဘူးလို့သိရတယ်၊ တခြားအဖွဲ့အစည်းထဲက ရဲဘော်တစ်ဦး ကျည်ထိတယ်လို့ပြောပါတယ်၊ သေသလား ရှင်သလားတော့ ထပ်သိထားခြင်းမျိုးမရှိပါဘူး ခင်ဗျ။

မဇ္ဈိမ(မေး)။ ။ ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် သပိတ်လုပ်မှာကို စစ်ကောင်စီဘက်က ကြိုသိထားရလို့များလား၊ ဒါမှမဟုတ် ဆန္ဒပြမယ့် နေရာဝန်းကျင်မှာ စစ်ကောင်စီသတင်းပေးများရှိနေတယ်လို့ ယူဆရနိုင်လား။

ရေဘဝဲ(ဖြေ)။ ။ ကျွန်တော်တို့တော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်ဖွဲ့ထဲ ဆုံးဖြတ်လို့မရဘူး၊ တစ်ဖွဲ့ထဲအဖြေရှာလို့မရဘူး၊ အဖွဲ့အစည်းတွေအားလုံးပေါင်းပြီးတော့ ဒီပြဿနာကို အဖြေရှာရမှာဖြစ်တဲ့အတွက် ဒီပြဿနာကိုချဉ်းကပ်ဖို့ ဒီရက်ပိုင်းမှာဆုံဖို့ရှိပါတယ်။ ဒလန်ကြောင့်တော့မဟုတ်ဘူးခင်ဗျ၊ ဒလန်ချက်ချင်းဖုန်းဆက်လို့ ချက်ခြင်းရောက်လာနိုင်တဲ့အခြေအနေမျိုးတွေမဟုတ်သလို ဒလန်ချက်ချင်းဖုန်းဆက်ရင်တောင် အမြန်ဆုံးလာရင် သုံးမိနစ်ပဲ၊ သုံးမိနစ်အတွင်းမှာ သူတို့က ကျွန်တော်တို့ရဲဘော်တွေကို မမြင်သေးဘူး၊ အခုက ကျွန်တော်တို့က ဝင်သွားတဲ့အချိန်မှာ သူတို့က တန်းဖမ်းတာ၊ အဲ့မတိုင်ခင် ပန်းပင်နီလမ်းမှာ ဘယ်သူမှမရှိဘူး၊ လူလည်းရှင်းတယ်၊ ကျွန်တော်တို့ရဲဘော်တွေလည်းမရှိသေးဘူး၊ ပြည်သူတွေ ဒလန်လုပ်တာလို့တော့မယူဆပါဘူးဗျ၊ အပေါ်ယံဆိုရင်တော့ ယူဆကောင်း ယူဆနိုင်ပါတယ်၊ ဒါပေမယ့် ပြည်သူတွေ ဒလန်မလုပ်ဘူးခင်ဗျ။

မဇ္ဈိမ(မေး)။ ။ နောက်ဆုံးသိချင်တာကတော့ ဖြစ်စဥ်ဖြစ်ခဲ့တုန်းက မြေပြင်အခြေအနေလေးကို ပြန်လည်ရှင်းပြပေးရင်ရပါပြီခင်ဗျ။

ရေဘဝဲ(ဖြေ)။ ။ ဒီနေ့ညနေ ၄ နာရီ ၄၂ မိနစ်မှာ(၁၃ ၊ ၉၊ ၂၀၂၂ ရက်နေ့ညက ဖြေကြားခြင်းဖြစ်သည်။) ပွဲကလည်း ပန်းပင်နီလမ်းမှာပဲ ရေဘဝဲကနေပြီးတော့ လုပ်တဲ့ပွဲဖြစ်ပါတယ်၊ အခြား အဖွဲ့တွေပါဖိတ်တယ်ပေါ့လေ၊ ဆိုတော့ မြေပြင်ကင်းထောက်မှု အနေအထားတွေအားလုံးကလည်း အဆင်ပြေတယ်၊ ကျွန်တော်တို့ကိုယ်တိုင်လည်း ပတ်ကြည့်တယ်ပေါ့။ အားလုံးအဆင်ပြေတယ်၊ သို့ပေမယ့် သူတို့ရောက်နေတဲ့ဟာသည် အရပ်ဝတ်ကားဖြစ်တယ်၊ အိမ်စီးကားဖြစ်ပြီးတော့ တော်တော်တန်ဖိုးမြင့်တဲ့ကား၊ ပုံမှန်ကားရပ်ထားတဲ့အတိုင်းပဲရပ်နေပြီးတော့ စက်သတ်ထားတယ်၊ အဲ့ကားက ကြာပြီရှိနေတာ၊ ၂ နာရီလောက်ထဲကရှိနေတာ၊ သံသယဝင်စရာကောင်းတဲ့အခြေအနေမျိုး မဟုတ်ဘူး၊ မြေပြင်ရဲ့အခြေအနေအရဆိုရင် ပတ်ကားတွေ ကင်းကားတွေဘာတစ်ခုမှမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ထွက်မယ့်လမ်းမှာစောင့်နေတာ၊ အခြေအနေတွေက အဲ့လိုမျိုးလေးတွေရှိတယ်ဆိုတော့ ကျွန်တော်တို့ပွဲထွက်ပြီဆိုတာနဲ့ ရေဘဝဲတွေက အရင်ဝင်တာကိုး၊ ပြီးတော့ ကျွန်တော်တို့လမ်းထဲမှာလည်း လူစုမနေဘူးပေါ့နော်။ ကျွန်တော်တို့ရဲ့ နည်းဗျူဟာတွေအရ ဘယ်တော့မှ လမ်းထဲမှာ လူမစုဘူး၊ ပွဲမစခင်သုံးမိနစ် နှစ်မိနစ်အလိုလောက်မှ ဝင်ချတာ၊ အဲ့ဝင်တဲ့အခါမှာ တန်းပြီးတော့ဖမ်းတယ်၊ ရိုက်တယ်၊ နှက်တယ်၊ အရပ်ဝတ်နဲ့ဆိုတော့ ပြန်ရုန်းတယ်၊ ပြန်ထိုးတယ်၊ သို့ပေမယ့် မလွတ်ဘူးပေါ့နော်။

မဇ္ဈိမ(မေး)။ ။ မနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီနေ့မနက်အထိ နောက်ဆုံးသိထားရတဲ့ သတင်းများရှိနေမလားဗျ။

ရေဘဝဲ(ဖြေ)။ ။ ထပ်မံပြီးတော့ သိထားရတာမျိုး မရှိသေးပါဘူးခင်ဗျ။ သူတို့မိဘတွေတော့ ဆက်သွယ်ပြီး လိုက်ရှာနေတာမျိုးတွေရှိပါတယ်။ ရွှေပြည်သာစစ်ကြောရေးမှာလို့လည်းကြားသလို ကြည့်မြင်တိုင်မှာရှိတဲ့ အမှတ်(၂) သစ်ခွဲစက်မှာလို့လည်း ကြားပါတယ်။ ဒီနေ့လောက် သတင်းထွက်လာလိမ့်မယ်လို့ထင်ပါတယ်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကြည့်မြင်တိုင်

#ပန်းပင်နီလမ်း

#ရွှေပြည်သာစစ်ကြောရေး

#သတင်းမီဒီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly