အဓိကရုဏ်းလုပ်သူများကို အစွန်းရောက်ဝါဒီများဟု ပေကျင်းထိပ်တန်းအရာရှိပြော

အဓိကရုဏ်းလုပ်သူများကို အစွန်းရောက်ဝါဒီများဟု ပေကျင်းထိပ်တန်းအရာရှိပြော

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁၅ ။              ။ လွန်ခဲ့သည့် တစ်ပတ်နီးပါးက တရုတ်အုပ်ချုပ်သည့် ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွက် လှုပ်ရှားသူများမှာ အစွန်းရောက်ခွဲထွက်ရေး ဝါဒီများဖြစ်သည်ဟု ဟောင်ကောင်ရှိ ပေကျင်း၏ ထိပ်တန်းကိုယ်စားလှယ်က အပြစ်တင်လိုက်သည်။

အဓိကရုဏ်းများမှာ ၂၀၁၄က အာရှ၏ ဘဏ္ဍာရေးဗဟို ဟောင်ကောင်၏ အစိတ်အပိုင်းများကို ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများက ရပ်တန့်ခဲ့သည့် နောက်ပိုင်း အဆိုးဝါးဆုံး အကြမ်းဖက်မှုဖြစ်သည်။

အကြမ်းဖက်မှုနှင့် ပတ်သက်သည့် လူ ၆၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ အကြမ်းဖက်မှုအတွင်း ဆန့်ကျင်ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်များကို အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့သည့်အပြင် အလုပ်သမားများနေသော မုံကော့ရပ်ကွက်တွင် အမှိုက်ပုံးများကိုလည်း မီးရှို့ခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၁ က လူ ၃၇ ဦးကို တရားစွဲခဲ့သည်။

တရုတ်နှစ်သစ်ကူးနေ့အခမ်းအနားများအတွက် တည်ထားသော တရားမဝင်လမ်းဘေးဆိုင်များကို အာဏာပိုင်များက ဖယ်ရှားရန် ကြိုးစားရာမှ အဓိကရုဏ်းများဖြစ်ပေါ်လာခဲ့သည်။

အစွန်းရောက်ခွဲထွက်ရေးဝါဒီများ၏ အပြုအမူများက အကြမ်းဖက်မှုအသွင်ဆောင်နေသည်ဟု ဟောင်ကောင်ရှိ ပေကျင်း၏ညိနှိုင်းရေးရုံး အကြီးအကဲ ကျန်ရှောက်မိန်၏ ပြောကြားချက်ကို ကိုးကား၍ ဆောက်သ်ချိုင်းနားမောနင်းပို့စ်သတင်းစာက ဖော်ပြခဲ့သည်။

ယခုကဲ့သို့ လက်တစ်ဆုပ်စာ အစွန်းရောက်ခွဲထွက်ရေးဝါဒီတို့ကြောင့် ဟောင်ကောင်၏ အဖိုးတန်ဆုံးဥပဒေစိုးမိုးမှုကို အပျက်အစီးမခံနိုင်ကြောင်းလည်း ၎င်းက ဟောင်ကောင်ရှိ နွေဦးပွဲတော်တွင် ပြောကြား ခဲ့သည်။

အကြမ်းဖက်မှုဖြစ်စဉ် ရဲတပ်ဖွဲ့ဝင်များက သေနတ်ကို မိုးပေါ်ထောင်ကာ သတိပေးပစ်ခတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ ၁၉၉၇ခုနှစ်က တရုတ်အုပ်ချုပ်မှုအောက် ပြန်လည်ရောက်ရှိခဲ့သော ဟောင်ကောင်တွင် ယင်းသို့အဖြစ်အပျက်မျိုး မပေါ်ဖူးသေးပေ။ ဟောင်ကောင်သည် အာရှ၏ အန္တရာယ်အကင်းဆုံးမြို့ကြီးတစ်ခုအဖြစ် ယူဆထားသည်။ တိုက်ခိုက်မှုများကြောင့် လူ ၁၃၀ကျော် ဒဏ်ရာရရှိခဲ့သည်။

တရားစွဲခံရသူများထဲမှ အနည်းဆုံးတစ်ဦးမှာ Hong Kong Indigenous ဆိုသည့်အဖွဲ့မှဖြစ်သည်။ ယင်းအဖွဲ့မှာ ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပို၍ကျယ်ပြန့်စွာပေးရန် တောင်းဆိုနေသည့် အဖွဲ့များထဲမှတစ်ဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့က တရုတ်ထံမှ လွတ်လပ်ရေးပေးရန်ကိုပင် တောင်းဆိုနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly