SSPP တပ်စခန်းတွေကို ဆုတ်ပေးရေးကိစ္စ ၇ရက်တွင်းအကြောင်းပြန်ဖို့ စစ်ကောင်စီဆို

SSPP တပ်စခန်းတွေကို ဆုတ်ပေးရေးကိစ္စ ၇ရက်တွင်းအကြောင်းပြန်ဖို့ စစ်ကောင်စီဆို

ဇူလိုင် ၁၆

ရှမ်းပြည်တောင်ပိုင်းမိုင်းရှူးဒေသရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၏ တပ်စခန်း သုံးခု ဖယ်ရှားရေးနှင့်ပတ်သက်ပြီး ခုနှစ်ရက်အတွင်း အကြောင်းပြန်ရန် စစ်ကောင်စီက တောင်းဆိုလိုက်ကြောင်း SSPP ၏ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းဖုန်းဟန်ထံမှသိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့ အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဦးစီးဌာနတွင် စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်ချုပ်​ကြီး​ရာပြည့် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် SSPP ဘက်မှ ဒုဥက္ကဌစဝ်ခွန်ဆိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပြီးနောက် ထိုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"ကျနော်တို့ဘက်က ဒုဥက္ကဌ (၁)၊(၂ ) စဝ်ခေးတိုင်းနဲ့စဝ်ခွန်ဆိုင်ဦးဆောင်တယ်၊ဟိုဘက်ကဗိုလ်ချုပ်ရာပြည့်နဲ့တိုင်းမှူးတွေ၊နေပြည်တော်ကအရာရှိတွေပါတယ်၊အဓိကကတော့ မိုင်းရှူးကတပ်စခန်းကိုဆုတ်ဖို့မဆုတ်ဖို့ကိစ္စဆွေးနွေးတာပေါ့၊သူတို့ကတော့ ခုနှစ်ရက်တွင်းဆုတ်နိုင် မဆုတ်နိုင် အကြောင်းပြန်ခိုင်းတယ် " ဟု ဗိုလ်မှူးစိုင်းဖုန်းကပြောသည်။

စစ်ကောင်စီက မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP တပ်စခန်း သုံးခုကို ဇွန်လ အစောပိုင်းကတည်းက ဆုတ်ခွာပေးရန်စာပို့ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထားဆုတ်ရန် တောင်းဆိုခဲ့သော်လည်း SSPP ဘက်မှဆုတ်ခွာပေးခဲ့ခြင်းမရှိဘဲ ဇွန်လ နောက်ဆုံးပတ်တွင် မိုးမိတ်မြို့နယ်၌ စစ်ကောင်စီတပ်များနှင့် SSPP တို့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

လက်ရှိတွင်မူ တပ်စခန်းဆုတ်မည်မဆုတ်မည်ကို ဗဟိုရ်ကော်မတီကဆုံးဖြတ်မည်ဖြစ်သဖြင့် အခြေအနေကိုမသိရသေးကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်ကပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly