သူပုန်နှင့်တွေ့ဆုံခြင်း

သူပုန်နှင့်တွေ့ဆုံခြင်း

ဇူလိုင်လ ၁၁ ရက်

အင်တာဗျူး-ထွန်းထွန်းဝင်း

" ဗမာပြည်မှာ အမြဲမကောင်းမြင်ခံနေရတဲ့ ဝါဟာရတစ်ခုကို အမြစ်ဖြတ်လိုက်ချင်တယ်။ အာဏာရှင်တွေမှိုင်းသွင်း ထားတဲ့ ဝေါဟာရတစ်ခုကို အမြစ်ဖြတ်ချင်တယ်ဆိုတဲ့ ဆန္ဒတစ်ခုနဲ့ ပေးဖြစ်တာပါ" လို့ သူပုန်ဂိမ်းဖန်တီးသူ ကိုအောင်ဟိန်းထွဋ် က ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဇွန်လ ၂၅ ရက်နေ့က Facebook လူမူကွန်ရက်စာမျက်နှာမှာ လူငယ်တွေ ဖန်တီးထားတဲ့ “သူပုန် (Tha Bon)” လို့ နာမည်ပေးထားတဲ့ ဂိမ်းတစ်ခု ပေါပေါက်လာပါတယ်။ “သူပုန်” ဂိမ်းဖန်တီးခဲ့တဲ့ လူငယ်တွေဟာ သူတိုတွေ့ရဲ့ တော်လှန်ရေး မှာ ရန်ပုံငွေအတွက် အထောက်အကူ ဖြစ်စေဖို့ ဖန်တီးခဲ့တာပါ။

“သူပုန်” ဂိမ်းဟာ Android ဖုန်းအသုံးပြုသူတွေ ကစားတဲ့ Candy Crush ဂိမ်းကစားသလို့ သုံးတုံးတစ်တန်း ၊ လေးလုံးတစ်တန်း ဆော့ရတဲ့ ဂိမ်းအမျိုး အစားတစ်ခုပဲဖြစ်ပါတယ်။ “သူပုန်” ဂိမ်းကိုကစားရင်း ကစားသူများမှ ကြော်ငြာ ကြည့်ရှုတဲ့အခါ ကြော်ငြာခ ဝင်ငွေရရှိလာမှာဖြစ်ပြီး အဲ့ဒီလို ရရှိလာတဲ့ဝင်ငွေကို တော်လှန်ရေးအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

“သူပုန် (Tha Bon)” ဂိမ်း တည်ထောင်သူ တစ်ဦးဖြစ်သလို ဗမာ့လူငယ်ကွန်ရက် (ဗလက) - Bama Youth Network ရဲ့ ဥက္ကဋ္ဌ ကိုအောင်ဟိန်းထွဋ်ကို ဂိမ်းဖန်တီးဖြစ်ပုံ ၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့် တော်လှန်ရေးခရီးလမ်းအကြောင်းတွေကို မဇ္ဈိမသတင်း ဌာနက ယခုလို ဆက်သွယ် မေးမြန်းထားပါတယ်။

မဇ္ဈိမ ။ ။ ဗမာလူငယ်ကွန်ရက် Bama Youth Network အကြောင်းပြောပြပေးပါဦး။

သူပုန် ။ ။ စစ်အာဏာသိမ်းပြီး လေးရက်မြောက်နေ့မှာ တိုင်းပြည်တော့ အသိမ်းခံလိုက်ရပြီ၊ ဘာရှေ့ဆက်လုပ်ကြမလဲ၊ အာဏာရှင်စနစ်ကို ဘယ်လိုပုန်ကုန်ကြမလဲလို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်စဉ်းစားပြီး စလုပ်ခဲ့တာပါ။ ဗမာလူငယ်ကွန်ရက်ကတပ်တော် ၊ မြို့ပြပြောက်ကျား ၊ မြို့ပြသပိတ်တွေကို လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။

မဇ္ဈိမ ။ ။ သူပုန်ဂိမ်းကစားရင်း ဗမာလူငယ်ကွန်ရက်ကို ထောက်ပံ့ကြပါစို့လို့ တောင်းဆို ထားတာ တွေ့ရတယ်။ ဗမာလူငယ်ကွန်ရက်ရဲ့ ရည်ရွယ်ချက်နဲ့ ဘာတွေ လုပ်ဆောင်သလဲ ဆိုတာလည်း ပြောပြပေးပါ။ အခက်အခဲကကော ဘာတွေများဖြစ်မလဲ။

သူပုန် ။ ။ နားလည်မှုလွဲတာနေပါမယ်။ ကျွန်တော်တို့ ဗမာလူငယ်ကွန်ရက်အတွက် မဟုတ်ပါဘူး။ တော်လှန်ရေး အဖွဲ့အစည်းတွေအတွက် ရည်ရွယ်တယ်ဆိုပြီး ပြောထားတာရှိပါတယ်။ စစ်အာဏာရှင်စနစ်ဗ မာ့မြေပေါ်ကနေ ဆုံးခန်းတိုင်တဲ့အထိပါ။ အသွင်သဏ္ဍန်မျိုးစုံနဲ့ မရရတဲ့နည်းနဲ့ ပုန်ကန်မယ်။ တွန်းလှန်မယ်။ ပြဿနာမရှိတဲ့နေ့ အခက်အခဲမရှိတဲ့နေ့ဆို မနေတတ်တော့ဘူးလိုဖြစ်နေတယ်။ ကျွန်တော်တို့မှာ အဓိကအခက်အခဲက ဘတ်ဂျက်အင်အား လိုအပ်ချက်က အင်မတန်ကြီးပါတယ်။ သူများလို သပိတ်၊ UG ၊ တောထဲမှာ တောခိုပြီးစစ်တိုက်မယ်။ ဒါမျိုးမဟုတ်ဘူး ။ လုပ်ချင်တဲ့အရာကများတော့ ဘတ်ဂျက်လိုအပ်ချက်ကလည်း အရှိန်မြင့်လာတော့ ငွေကြေး လိုအပ်ချက်အရ သူပုန်ဂိမ်းကို စထွင်ရတာဖြစ်ပါတယ်။

မဇ္ဈိမ ။ ။ အစ်ကိုက သူပုန်ဂိမ်းစတင်တည်ထောင်သူလို့ သိရတယ်။ သူပုန်ဂိမ်း စတင်ဖြစ်ပုံနဲ့ နာမည်ပေး ဖြစ်ပုံကိုလည်း ပြောပြပေးပါဦး။

သူပုန်။ ။ မှန်ပါတယ်။ ဘတ်ဂျက်လိုအပ်ချက်အရ ရိုးရိုးသားသားဖြေချင်ပါတယ်။ ပြည်သူလူထုက တော်လှန်ရေးကာလ ရှည်ကြာလာတဲ့အမျှ လက်ပန်းကြလာကြတယ်။ Kpay ၊Wave တွေကလည်း အပိတ်ခံနေရတာဆိုတော့ ပြည်သူလူထုကိုယ့်အိတ်ထဲက ထွက်တဲ့ဟာမျိုး မဖြစ်ရဘူး။ Digital Income လည်းရအောင် သူပုန်ဂိမ်းကို ထွင်ဖြစ်ပါတယ်။ ပြည်သူလူထုကြားမှာ သူပုန် လို့ပြောလိုက်တာနဲ့ မကောင်းဆိုးဝါးလို မကောင်းတဲ့သတ္တဝါကြီးလို့ မြင်နေရတယ်။ ဒါကလည်း စစ်အာဏာရှင် အဆက်ဆက်မှာ သူပုန် ဆိုတဲ့ဝေါဟာနဲ့ပတ်သက်ပြီး လှည့်ဖျားခံထားရတာ ။ အဲဒီမှိုင်းကို ဖျောက်ချင်တယ်။English မှာဆိုရှင်းတယ် Rebel ဆိုရင် မတရားမှုကိုအာခံတယ်။ ပုန်ကန်တယ်။ မြန်မာဆို သူပုန်ပေါ့။ သူပုန်လို့ပေးတဲ့အခါ ဘာကိုမျှော်လင့်လဲဆိုရင် ဂိမ်းကိုအောင်မြင်တာထက် ဗမာပြည်မှာ အမြဲမကောင်းမြင်ခံနေရတဲ့ ဝေါဟာရ တစ်ခုကို အမြစ်ဖြတ် လိုက်ချင်တယ်။ အာဏာရှင်မှိုင်းသွင်းထားတဲ့ ဝေါဟာတစ်ခုကို အမြစ် ဖြတ်ချင်တဲ့ ဆန္ဒတစ်ခုနဲ့ ပေးဖြစ်တာပါ။

မဇ္ဈိမ ။ ။ “သူပုန်” ဂိမ်းကိုစလုပ်ဖို့ ဘယ်လိုအရာတွေက တွန်းအားဖြစ်စေခဲ့တာလဲ။ အဖွဲ့နဲ့ လုပ်တာလားဗျ။

သူပုန် ။ ။ ကျွန်တော်တို့ ရဲဘော်ရဲဘက် ညီအစ်ကိုမောင်နှမတွေ မြေပြင်မှာလှုပ်ရှားနေတဲ့ ညီအစ်ကို မောင်နှမတွေ ရှိသလို မတရားဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့ ဗမာလူငယ်ကွန်ရက်ကရဲဘော်တွေ ဒီကနေ့အထိလည်းရှိနေတယ်။ ထောင်သွင်းအကျဉ်းကျနေတဲ့ ရဲဘော်တွေအတွက် ထောင်ဝင်စာတွေပို့နိုင်အောင် ဒီတာဝန်တွေ ၊ရဲဘော်ရဲဘက် တွေအတွက် ရည်စူးပြီး ခိုင်မာတဲ့ဘတ်ဂျက်တစ်ခု တည်ဆောင်ချင်တဲ့အတွက် ဒီဂိမ်းကို စထွင်ဖြစ်ပါတယ်။ ကျွန်တော်အပါဝင် သဘောတူထားတဲ့ ငါးယောက်မပြည့်တဲ့ အင်အားလေးနဲ့လုပ်ထားတာပါ။ လူအင်အား စနစ်တကျနဲ့ ထောင်လိုက်တဲ့ ဟာမျိုး မဟုတ်ဘူး။ ပြေးရင်းလွှားရင်း အလုပ်တွေများရင်းနဲ့မှာ မရမက ဖြစ်အောင်တော့ လုပ်ကြမယ်ဟေ့ဆိုပြီး နေမအိပ် ညမအိပ်နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။

မဇ္ဈိမ ။ ။ သူပုန်ဂိမ်းက ဘယ်လိုမျိုးဂိမ်းအမျိုးအစားလဲ။ သူကိုကစားရင် ဘာတွေ အကျိုးအမြတ်ရမလဲဗျ။

သူပုန် ။ ။ ဂိမ်းကမခက်ပါဘူး။ ဖုန်းတွေစပေါ်လာတုန်းက Candy Crush ဂိမ်းလို့ပဲ။ သုံးတန်း တစ်တန်း တန်း ၊အလျားလိုက် ၊ ဒေါင့်လိုက် တန်းတန်း အဲလိုဂိမ်းပုံစံမျိုးပါပဲ။ ရိုးရိုးလေးဆိုပေမဲ့ ပါတဲ့ Item လေးတွေက နွေဦးတော်လှန်ရေးကို ထင်ဟပ်တယ်လို့ ပြောချင်တယ်။ Item တွေက ဆန္ဒပြတုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေပဲ။ Gas Mark ၊ မီးသတ်ဆေးဗူး ၊ ရေဗူး ၊ ဆေးအိတ် တွေနဲ့လုပ်ထားတယ်။ လေးခုတန်းသွားရင် Special Item က အခုတစ်ဆင့်မြင့်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ သုံးတဲ့ပစ္စည်းတွေ သေနတ် ၊ မိုင်းတွေကိုပြောင်းလဲသွားတယ်။

မဇ္ဈိမ ။ ။လက်ရှိ သူပုန်းဂိမ်းက ၁၀ ရက်ကျော်ကြာလာပြီပေါ့။ ဘယ်လို တုံ့ပြန့်မှုမျိုး ရလဲ။ အန့်ဒရိုက် တစ်မျိုးပဲ ရတာလား။

သူပုန် ။ ။ ကျေနပ်မှုရှိပါတယ်။ ပြည်သူလူထုက “သူပုန်” ဆိုတဲ့နာမည် နဲ့ ပတ်သက်လို့ ထိလွယ်ရှလွယ် ဖြစ်တော့ဘာဖြစ်လို့ “သူပုန်” လို့ပေးလဲ ၊ “PDF” လို့ပေးပါလား ၊ “ကယ်တင်ရှင်” ၊ “ပြည်သူ့သူရဲကောင်း” တို့ပေးပါလား “သူပုန်” ကို မကြိုက်ဘူး။ နာမည်ကိုမကြိုက်လို့ မင်းတို့ဂိမ်းကို မဆော့တာ ဆိုတဲ့ တုံ့ပြန် မှုတွေလည်းရတယ်။ ဒီရက်ပိုင်း အတွင်းမှာ အတိုင်းအတာတစ်ခုထိ ပေါက်ရောက်မှုရှိတယ်လို့ ထင်တယ်။ လောလောဆယ် Android တစ်မျိုးပဲရမယ်။ မြေပြင်မှာ လုပ်နေရတော့ ဂိမ်းကို အားမစိုက်နိုင်ဖြစ်နေတယ်။ ရည်ရွယ်ထားတာ Candy Crush ပုံစံမျိုးမဟုတ်ဘဲ နောက်ထပ် နှစ်မျိုး သုံးမျိုး မှန်းထားပါတယ်။

မဇ္ဈိမ ။ ။ ဂိမ်းကရရှိတဲ့ ကြော်ငြာခ ဝင်ငွေတွေကို ဘယ်လိုမျိုးလုပ်ဆောင်သွားဖို့ရှိမလဲ။

သူပုန် ။ ။ အတိအလင်းကြေညာထားတဲ့အတိုင်း ဂိမ်းကအမြတ်ငွေတွေကို တော်လှန်ရေး အတွက်အသုံးပြုသွားမှာပါ။ ဘယ်သူ ဘယ်အဖွဲ့က ဘယ်လောက်ခက်ခဲနေလည်း ဘယ်လောက်အလျင်လိုနေလဲ ကြည့်မယ်။ စည်းမျဉ်းနှစ်ခုနဲ့ လုပ်ဆောင်သွားမယ် ဆိုတာ ပွင့်ပွင့်လင်းလင်းပြောထားပါတယ်။

မဇ္ဈိမ ။ ။ ပြည်သူတွေက တခြားဂိမ်းတွေ နဲ့ ကလစ်တွေ တော်တော်များများမှာလည်း ပါဝင်နေရတော့ သူပုန်ဂိမ်းနဲ့ ပတ်သက်ပြီး မသိကြတာမျိုးရှိလား။

သူပုန် ။ ။ ရှိနိုင်ပါတယ်။ ပြည်သူလူထုက သူပုန်ဂိမ်းကို ဆော့ရမှန်းမသိတာ ရှိနိုင်ပါတယ်။ ဆော့တဲ့လူတွေရဲ့ သုံးသပ်ချက်ကို သိချင်တော့ ကလစ်ကာဂရုတွေထဲ သွားကြည့်တော့ ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းလောက်က မဆော့ရင်တောင် သူပုန် ဂိမ်းအကြောင်း သိလာကြတယ်လို့ ထင်မိပါတယ်။

မဇ္ဈိမ ။ ။ တစ်ရက်တာဝင်ငွေရရှိမှုက ဘယ်လောက်အထိရှိလဲ။ ရရှိလာတဲ့ ဝင်ငွေတွေကို ဘယ်လိုမျိုးလုပ်ဆောင်သွားဖို့ရှိမလဲ။ အဲဒီအပေါ်မှာ ပြောပြ ချင်တာ ဘာတွေရှိမလဲ။

သူပုန် ။ ။ ချဲစကားနဲ့ပြောရရင် ဂဏန်းမငြိမ်တာ ၊ စစချင်းရက်မှာ စင်ကာပူဒေါ်လာ ၅၀၀ ကျော်လောက်ရတယ်။ နောက်ပိုင်းမှာ ကြော်ငြာ အပိတ်ခံရတယ်။နောက် စင်ကာပူ ဒေါ်လာ ၁၀၀ ကျော်လောက်ရတယ်။ ဒီရက်ပိုင်း မအားတော့ ဂိမ်းကိုမကြေညာဖြစ်တော့ ဆော့အားနည်းသွားတယ်။ ပြောပြချင်တာက ကျွန်တော်တို့တွေဟာ အသက်တောင် ပေးထားရတဲ့ လူငယ်တွေ ဖြစ်ပါတယ်။ ပြည်သူလူထုက ပေ့ါပေ့ါပါးပါး ဂိမ်းလေးကို ဆော့ဖို့တော့ ဝန်မလေးပါနဲ့လို့ မေတ္တာရပ်ခံ တောင်းပန်ချင်ပါတယ်။

မဇ္ဈိမ ။ ။ ဗမာလူငယ်ကွန်ရက်ရဲ့ လက်ရှိလှုပ်ရှားမှုနဲ့ အင်အားကိုရော သိခွင့်ရနိုင်မလား။

သူပုန် ။ ။ ရန်ကုန်မြို့ပေါ်မှာ ပြောက်ကျားဆန္ဒပြပွဲတွေမှာ ရံဖန်ရံခါဆိုသလို ဗလက အနေနဲ့ ထွက်တာလည်း ရှိသလို သူများအဖွဲ့တွေ့မှာ ပူးပေါင်းပါဝင်နေတာလည်း ရှိပါတယ်။ ဗမာလူငယ်ကွန်ရက် တပ်တော်က ရဲဘော်ဆို ဥကရစ်ထ တိုက်ပွဲမှာ ကိုယ်တိုင် တိုက်ခိုက်ခဲ့တယ်။ နည်းလမ်းမျိုးစုံနဲ့ ရည်ရွယ်ချက်အတိုင်း တော်လှန်ပုန်ကန် နေပါတယ်လို့ ပြောချင်ပါတယ်။ အင်အားတော့ မဖြေချင်ပါဘူး။

မဇ္ဈိမ ။ ။ ရှေ့ဆက်ပြီး ဘယ်လိုတွေ လုပ်ဆောင်သွားဖို့ အစီစဉ်တွေရှိမလဲ။ ပြောပြချင်တာရော ဘာတွေရှိမလဲ။

သူပုန် ။ ။ စစ်အာဏာရှင်တော်လှန်ရေးကတော့ နည်းဗျူဟာမျိုးစုံနဲ့ ဆက်လုပ် နေရမှာဖြစ်ပါတယ်။ အခြေအနေတစ်ခုကို တော်လှန်ပုန်ကန်နေတာ မှန်ပါ တယ်။ လောလောဆယ် အခြေအနေလိုက်ပြီး ပြန်ကစားရတာလည်း ရှိတယ်။ UG တွေအင်အားနည်းလာတဲ့အခါမှာ သပိတ်တွေကို ပိုပိုသာသာအားကောင်း အောင်လုပ်မလား။ သပိတ်တွေ ထွက်လို့မရတဲ့အခါ UG တွေက ဘယ်လိုလှုပ်ရှားမလဲ။ တပ်တော်ကလည်း တောအတွင်းကနေ ထိုးစစ် ၊ ခံစစ်တွေ ဘယ်လိုပြင်ဆင်နေမလဲ ဆိုတာ ညီမျှအောင်လုပ်ရတဲ့အခါရှိပါတယ်။ တော်လှန်တယ်။ တကယ်လည်း လုပ်နေပါတယ်။ ဝန်းရံပေးကြပါ။ တော်လှန်ရေးသမားတွေကို ပစ်မထားကြပါနဲ့ ကျွန်တော်တို့ သူပုန်ဂိမ်း ကိုလည်းဆော့ပေးကြပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required