ကလေးမြို့နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ် ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီး

By လွှမ်းမိုး
01 June 2022
ကလေးမြို့နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ် ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီး

ဇွန် ၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဘက် ၁၅ မိုင်ခန့်အကွာ မြစ်သာမြစ်နှင့် ချင်းတောင်တန်းကြား အိမ်ခြေ ၃,ဝဝဝ ခန့်ရှိနတ်ချောင်းကျေးရွာကို စစ်ကောင်စီ တပ်က မေလ ၃၁ ရက် ညနေ ၅ နာရီခန့်တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က နတ်ချောင်းကျေးရွာကို ယခုအကြိမ် မီးရှို့ခြင်းသည် ငါး ကြိမ်မြောက် မီးရှို့ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ မီးရှို့မှုကြောင့် ပထမ အကြိမ်တွင် ပြည်သူပိုင်နေအိမ် ၄၃ လုံး ၊ ဒုတိယအကြိမ်တွင် နေအိမ် ၇၈ လုံး ၊ တတိယအကြိမ်တွင် ၉၈ လုံး ၊စတုတ္ထအကြိမ်တွင် နေအိမ် ၁ဝ လုံး မီးလောင်ပြာကျခဲ့ပြီး ယခုအကြိမ်မြောက်မီး ရှို့ခံရမှု ဖြစ်စဉ် အသေးစိတ်ကိုမူ မသိရှိရသေးပေ။

"စစ်ကောင်စီတပ်က နတ်ချောင်းကျေးရွာကို အင်အား ၂ဝဝ စီလောက်နဲ့ တောင်ဘက် မြောက်ဘက်ညှပ်ပြီး တက်လာတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ပြီး ရွာထဲကို ဝင်လာတယ်။ ရွာကိုတော့ ညနေ ၅ နာရီ မှာ မီးစရှို့တယ်။ ရွာကလူတွေ ရှောင်နေရတာ သုံးလ ကျော်နေပြီ။ စားဝတ်နေရေးနဲ့ကျန်းမာရေး အခက်အခဲတွေ ရှိနေတယ် " ဟု နတ်ချောင်းဒေသခံက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ် ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များရှိသည့် နတ်မြောင်းဘုန်းကြီး ကျောင်းသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲ၍ စစ်ရှောင် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း နတ်ချောင်း ဒေသခံထံက သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ကလေးမြို့

#နတ်ချောင်း

#စစ်ကောင်စီတပ်

#ငါးကြိမ်မြောက်

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required