အိမ်ရှင်အားသာချက်ကြောင့် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန် ယုံကြည်သည် ဟု ဇော်ဇော်လတ် ဆို

အိမ်ရှင်အားသာချက်ကြောင့် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန် ယုံကြည်သည် ဟု ဇော်ဇော်လတ် ဆို
လီယိုပဲလေ့စ်တွမ်တီဝမ်း မြန်မာအိုးပင်း ၂၀၁၆ ဂေါက်သီးရိုက်ပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ဇော်ဇော်လတ်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၅ ၊ ရန်ကုန်။            ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် လီယိုပဲလေ့စ်တွမ်တီဝမ်း မြန်မာအိုးပင်း ၂၀၁၆ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အိမ်ရှင်အားသာချက်ကြောင့် အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ရန် ယုံကြည်သည် ဟု မြန်မာဂေါက်သီးရိုက်ကစားသမား ဇော်ဇော်လတ်က ပြောသည်။

အဆိုပါ မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံမှ ဂေါက်သီးရိုက်ကစားသမား ရှစ်ဦးအပါအဝင် အာရှနိုင်ငံ၊ ဥရောပနိုင်ငံ စသည့် နိုင်ငံပေါင်း ၂၅ နိုင်ခန့်မှ ကစားသမား ၁၅၀ ဝန်းကျင်အထိ လာရောက်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

“ ဒီပြိုင်ပွဲမှာတော့ ကိုယ့်နိုင်ငံမှာ ကျင်းပတဲ့အတွက် ကိုယ့်ကွင်းလို့ဖြစ်လို့ အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်တယ်။ အိမ်ကွင်းအားသာချက်အနေနဲ့ပြောရရင်တော့ သူများနိုင်ငံသွားပြိုင်တဲ့အခါ အစားအသောက်၊ အနေအထိုင်၊ ရာသီဥတုက အစ ပြောင်းလဲပါတယ်။ ဂေါက်သီးကစားသမားတွေအနေနဲ့လည်း ဒီလိုအချက်တွေက အရမ်းဆိုင်ပါတယ်။ ဒီမှာတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ကွင်း ဖြစ်တဲ့အတွက် အကောင်းဆုံးကစားနိုင်မှာပါ။ ဒီအတွက်လည်း လေ့ကျင့်မှုတွေ အမြဲ ပြုလုပ်ထားပါတယ် ” ဟု ပြိုင်ပွဲနှင့်ပတ်သက်၍ သူ၏အမြင်ကို ဇော်ဇော်လတ်က ပြောသည်။

မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ဂေါက်သီးရိုက်ကစားသမား ဇော်ဇော်လတ်သည် ပြီးခဲ့သည့် ၂၀၁၅ ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပထမ လေးပွဲ၊ ဒုတိယ နှစ်ပွဲ ရရှိသည့်အတွက် မြန်မာအိုးပင်း ၂၀၁၆ ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရသည်။ လီယိုပဲလေ့စ်တွမ်တီဝမ်း မြန်မာအိုးပင်း ၂၀၁၆ ဂေါက်သီးရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီ (၄) ရက်မှ စတင်ကာ ဖေဖော်ဝါရီ (၇) ရက်အထိ လေးရက်တိုင် ရန်ကုန်မြို့ ရွိုင်ရယ်မင်္ဂလာဒုံဂေါက်ကွင်း၌ ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါဝင်စားသူပရိသတ်များအနေဖြင့် အခမဲ့ ဝင်ရောက်ကြည့်ရှူလေ့လာခွင့် ပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required