CDM စစ်သည် ၁၀ ဦးကျော် Cobra စစ်ကြောင်းနှင့်အတူ စစ်ကောင်စီကို ပြန်တိုက်ခိုက်နေ

CDM စစ်သည် ၁၀ ဦးကျော် Cobra စစ်ကြောင်းနှင့်အတူ စစ်ကောင်စီကို ပြန်တိုက်ခိုက်နေ

မေ ၁၂

အာဏာသိမ်းစစ်ကောင်စီနှင့်လမ်းခွဲကာ CDM ပြုလုပ်ပြီး Cobra စစ်ကြောင်းထံ လာရောက်ခိုလှုံလာသူ များအနက် Cobra စစ်ကြောင်းနှင့်အတူ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ပေးနေသည့် CDM စစ်သည် ၁၅ ဦးခန့်ရှိကြောင်း Cobra စစ်ကြောင်းပြောခွင့်ရသူက မဇ္ဈိမကို အတည်ပြုပြောသည်။

“CDM ဝင်ပြီး ကျွန်တော်တို့ဘက်က ပြန်ပြီးတိုက်ခိုက်ပေးနေတဲ့ အရေအတွက်က ၁၅ ယောက်လောက် ရှိပါတယ်။ နောက်ထပ်အရေအတွက်ကတော့ မထုတ်ပြန်ရသေးပါဘူး” ဟု Cobra စစ်ကြောင်း ပြောခွင့်ရ သူက ယနေ့မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

Cobra စစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) ထိန်းချုပ် နယ်မြေ၊ လေးကေ့ကော်ဒေသတွင် အခြေပြုလှုပ်ရှားပြီး စစ်ကောင်စီတပ်က လေးကေ့ကော်ဒေသကို ကျူးကျော်ဝင်ရောက်လာသည့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ များ ဖြစ်ပွားနေသည်။

တပ်ကိုစွန့်ခွာလာသည့် CDM စစ်သည်များတွင် အချို့က တတိယနိုင်ငံတွင် ခိုလှုံရန်ဆန္ဒရှိကြသကဲ့သို့ တပ်တွင်းဖိနှိပ်မှုများကြောင့် CDM ပြုလုပ်ပြီးနောက် စစ်ကောင်စီကိုနာကြည်းစိတ်ဖြင့် ရှေ့တန်းက ပူးပေါင်းပါဝင်တိုက်နေကြသူများလည်းရှိကြောင်း NUG အစိုးရ၏ သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောက ပြောသည်။

“ စစ်ကောင်စီကို ပြည်သူလူထုနာကြည်းတာထက် သူတို့က ပိုပြီးတော့တောင် နာကြည်းတယ်လို့ ကျွန်တော်မြင်တယ်” ဟု ဗိုလ်ဒါဘောက ပြောသည်။

အဆိုပါ စစ်ကောင်စီအား ရှေ့တန်းမှပါဝင်တိုက်ခိုက်ပေးနေသည့် CDM စစ်သည်များအနက် ရေတပ်၊ ခြေမြန်တပ်နှင့် လက်နက်ကြီးတပ်မှ စစ်သည်တော်၊ အရာရှိများပါဝင်ကြောင်း ဆိုသည်။

ယင်းအပြင် Cobra စစ်ကြောင်းနှင့်အတူ ပူးပေါင်းပြီး CDM ပြုလုပ်လာသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များတွင် တပ်သားအဆင့်မှ ဒုတပ်ရင်းမှူးအဆင့်ထိပါဝင်ပြီး လက်နက်နှင့်တကွ CDM ပြုလုပ် လာသူများကို ငွေကျပ် သိန်း ၆၀ အထိ ဆုကြေးငွေအနေဖြင့် ချီးမြှင်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁) သထုံမှ တပ်သားမောင်ဇော်သည် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်တကွ CDM ပြုလုပ်လာသည့်အတွက် ဆုကြေးငွေအဖြစ် ငွေကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း Cobra စစ်ကြောင်းက ဧပြီလ ၃၀ ရက်နေ့တွင် သတင်းထုတ် ပြန်ခဲ့ သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနှင့်အတူပူးပေါင်းပြီး CDM ပြုလုပ်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲနှင့် စစ်သား စုစုပေါင်းဦးရေ ၁၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီလထဲတွင် ကြေညာခဲ့သည်။

လက်ရှိ လေးကေ့ကော်ဒေသတွင် စစ်ကောင်စီမှ အင်အားတိုးချဲ့မှုများပြုလုပ်နေသည့်အတွက် စစ်ရေး တင်းမာနေပြီး နှစ်ဖက်အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြသည်။

ဒီဇင်ဘာလအတွင်း ပြင်းထန်ခဲ့သော နှစ်ဘက်တိုက်ပွဲများကြောင့် လေးကေ့ကော်ဒေသက ထောင်ချီသော ဒေသခံများသည် မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းဘေးတွင် အခက်အခဲပေါင်းများစွာဖြင့် ခိုလှုံ နေကြရဆဲဖြစ်သည်။

#Mizzima

#CDMစစ်သည်

#Cobraစစ်ကြောင်း

#လေးကေ့ကော်ဒေသ

#KNLA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required