လေးကေ့ကော်တွင် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်နေ

By သွင်ထူးဈာန်(ကော်သူးလေ)(မဇ္ဈိမ)
05 October 2023
လေးကေ့ကော်တွင် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်နေ
လေးကေ့ကော်မြို့သစ်(ပုံဟောင်း)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင် ယနေ့ အောက်တ်ိုဘာလ ၅ရက် နံနက် ၇နာရီဝန်းကျင်မှစတင်ကာ လက်နက် ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်နေသည်။

လေးကေ့ကော်မြို့သစ်၊ ဗျူးပွိုင့်အနီးရှိ စစ်ကောင်စီတပ်အခြေစိုက်သည့် စွယ်တော်ကုန်းဗျူဟာစခန်းမှ လက်နက်ကြီးများ ပစ်ခတ်နေပြီး အပြန်အလှန်ပစ်ခတ်သည့် သေနတ်သံများလည်း ကြားနေရကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းထောက်က ပြောသည်။

" မနက် ၇နာရီလောက်ကစပြီး လက်နက်ကြီးသံတွေ၊လက်နက်ငယ်သံတွေ ကြားရတယ်။ စနိုက်ပါပစ်ခတ်သံတွေကြားရတယ်။ အပြန်အလှန်ပစ်ခတ်သံတွေကြားရတယ်။စစ်ကောင်စီဘက်ကတော့ ၁၂၀ မမ လို့ယူဆရတဲ့ လက်နက်မျိုးနဲ့ ပစ်နေတယ်။ အသံတွေက တော်တော်ကျယ်တယ်။ စက်လတ်ပစ်သံတွေလည်း ကြားရတယ်" ဟု မဇ္ဈိမ၏ မြေပြင်သတင်းထောက်က ပြောသည်။

လက်တလောအခြေအနေနှင့်ပတ်သက်၍ ဒေသတွင်းမှ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Cobraစစ်ကြောင်းကို ဆက်သွယ် မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။

ယနေ့ နေ့လယ် ၁၂ နာရီ နာရီပတ်ဝန်းကျင်တွင် ပစ်ခတ်သံများမကြားရတော့ဘဲ ငြိမ်သက်နေကြောင်း သိရသည်။

လေးကေ့ကော်မြို့သစ်ကို  ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်ပြည်နယ်အစိုးရက ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ တွင် တည်ဆောက်ခဲ့သည်။

လေးကေ့ကော်မြို့သစ်၏ လုံခြုံရေးကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်က အဓိကတာဝန်ယူခဲ့သည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ယင်းနှစ် ဒီဇင်ဘာလမှစ၍စစ်ကောင်စီတပ်က လေးကေ့ကော်မြို့သစ်ကို ဝင်ရောက်ခဲ့သည့်အတွက် ကရင်အမျိုးသားအစည်းအရုံးKNUနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ 

ထို့နောက် လေးကေ့ကော်မြို့သစ်အနီးဝန်းကျင်ကို KNUနှင့် Cobraစစ်ကြောင်းတို့က ထိန်းချုပ်ထားခဲ့သည်။၂၀၂၂ ခုနှစ် ဧပြီလတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် ယခုတကြိမ် ပစ်ခတ်သံများ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

လေးကေ့ကော်မြို့သစ်နှင့်အနီးပတ်ဝန်းကျင်ရှိ ရသေ့ဂူကျေးရွာမှ ဒေသခံများသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှစ၍   ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required