စစ်ကောင်စီတပ်ကြောင့် ခင်ဦးမြို့နယ်တွင် ၁နှစ်ကျော်အတွင်း ပြည်သူ ၁၀၀ ကျော်သေဆုံး၊ အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီတပ်ကြောင့် ခင်ဦးမြို့နယ်တွင် ၁နှစ်ကျော်အတွင်း ပြည်သူ ၁၀၀ ကျော်သေဆုံး၊ အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

မေ ၁၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ပြည်သူ ဦးရေ ၁၀၀ ကျော်သေဆုံး၍ ကျေးရွာပေါင်း ၄၀ မီးရှို့ဖျက်ဆီးခံရပြီး အိမ်ခြေ ၁၀၀၀ ကျော်ဆုံးရှုံးခဲ့သည်ဟု ခင်ဦး- PDF က မေလ ၁၁ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် မေလအစောပိုင်းအထိ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၄၄ ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၁ ဦးရှိကာ ပြည်သူ ၁၀၀ ခန့်မှာ ဖမ်းဆီးခံထားရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးခဲ့သည့် အကြိမ်ရေပေါင်း ၁၀၀ ထက် မနည်း ရှိခဲ့ပြီး ကျေးရွာ ၄၀ မှ အိမ်ခြေ ၁၄၄၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီက ချိပ်ပိတ်ထားသည့် အိမ်သုံးအိမ်ရှိပြီး စစ်ကောင်စီတပ်များ၏ ဝင်ရောက်စီးနင်း ဖမ်းဆီးပစ်ခတ် မီးရှို့ဖျက်ဆီးမှုများကြောင့် လက်ရှိအချိန်တွင် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများမှာ မြို့နယ်လုံးကျွတ် ကြုံတွေ့ နေရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီ အကြမ်းဖက်အုပ်စုအား မြေပြင်တွင် နည်းပေါင်းစုံဖြင့် ဆန့်ကျင်၍ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို စောင့်ရှောက်ပေးရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၁ မေလ ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်ပြည့်မြောက်သည့်နေ့တွင် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ဟုဆိုထားသည်။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် နွေဦးတော်လှန်ရေးအတွင်း ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲတွင် စွန့်လွှတ်စွန့်စား အနစ်နာခံ ပေးဆပ်မှု များစွာဖြင့် စတေးခဲ့ကြသော အာဇာနည် သူရဲကောင်းများနှင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းတို့အား နက်ရှိုင်းစွာ ဦးညွှတ်ဂုဏ်ပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သစ္စာအဓိဋ္ဌာန် လေးချက်ကို အသက်နှင့် ရင်း၍ မြဲမြံစွာ ဆုပ်ကိုင်ပါမည်ဟုလည်း ပါဝင်သည်။ အာဏာရှင်ကို ဆုံးခန်းတိုင်အောင် အမြစ်ဖြတ် တိုက်ထုတ်၍ မပြီးပြတ်သေးသည့် တော်လှန်ရေးကို အဆုံးသတ် အောင်မြင်ပြီးစီးသည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းကိုလည်း ကတိသစ္စာပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ခင်ဦးမြို့နယ်

#စစ်ကောင်စီတပ်

#တစ်နှစ်ကျော်

#ပြည်သူ၁၀၀ကျော်သေဆုံး

#အိမ်ခြေ၁၀၀၀ကျော်မီးရှို့

#ခင်ဦးPDFထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required