ရုရှသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်စကီး တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးလိုဟု ကုလအကြီးအကဲ ကမ်းလှမ်းပြောဆို

ရုရှသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်စကီး တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးလိုဟု ကုလအကြီးအကဲ ကမ်းလှမ်းပြောဆို
Photo - AFP

ဧပြီ ၂၁

ယူကရိန်းအပေါ် ရုရှ ကျူးကျော်မှု ဖြစ်ပြီးနောက် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ရုရှသမ္မတ ဗလာဒီမာ ပူတင် ၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး တို့နှင့် သီးခြားစီ တွေ့ဆုံလိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကမ်းလှမ်းတောင်းဆိုထားသည်ဟု သိရသည်။

ကုလ အကြီးအကဲသည် မော်စကို၌ ပူတင်၊ ကိယက်ဗ်၌ ဇယ်လန်စကီး တို့နှင့် တွေ့ဆုံနိုင်ရန် ကမ်းလှမ်းပြောဆိုထားသည့် စာများကို အင်္ဂါနေ့ မွန်းလွဲပိုင်းက ရုရှ နှင့် ယူကရိန်း၏ အမြဲတမ်းမစ်ရှင်များထံ ပေးပို့ထားကြောင်း ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ပြောသည်။

“ကြီးမားတဲ့ ဘေးသင့်မှုနဲ့ အကျိုးဆက်တွေ ရှိနေတဲ့ ဒီအချိန်ကာလမှာ ကုလအကြီးအကဲအနေနဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေမယ့် ခြေလှမ်းလုပ်ဆောင်ချက်တွေအပြင် ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာ ဥပဒေ အပေါ် အခြေတည်တဲ့ ဘက်ပေါင်းစုံ ပါဝင်မှုရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးသွားလိုတယ်လို့ ပြောပါတယ်” ဟု ဒူဂျာရစ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ယူကရိန်း၌ ပဋိပက္ခဒဏ်သင့် ဧရိယာများကနေ အရပ်သားများ ဘေးကင်းစွာ ထွက်ခွာပြောင်းရွှေ့နိုင်ရေး၊ အဆိုးဆုံး ထိခိုက်ခံ ဧရိယာများထံ လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်ရေးအတွက် လေးရက်တာ အော်သိုဒေါက် အီစတာပွဲတော်ကာလ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲရေးအတွက် ဂူတာရက်စ်က အင်္ဂါနေ့တွင် တောင်းဆိုခဲ့သည်။

၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပနိုင်ငံတစ်နိုင်ငံအပေါ် အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည့် ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုကြောင့် လူထောင်ချီ သေဆုံး သို့မဟုတ် ဒဏ်ရာရမှုများ ဖြစ်ပေါ်ထားခဲ့သည်။ လက်ရှိတွင် ယူကရိန်းတွင် လူ ၁၂ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသည်ဟု ဂူတာရက်စ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly