ကလေးမြို့နယ်တိုက်ပွဲတွင် PDF Kalay အဖွဲ့ဝင် ၃ ဦးကျဆုံးပြီး စစ်ကောင်စီဘက်မှ ၅ ဦးခန့်သေဆုံးဟုဆို

ကလေးမြို့နယ်တိုက်ပွဲတွင် PDF Kalay အဖွဲ့ဝင် ၃ ဦးကျဆုံးပြီး စစ်ကောင်စီဘက်မှ ၅ ဦးခန့်သေဆုံးဟုဆို

ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အနောက်မြောက်ပိုင်းရှိ ပြည်တော်သာရွာနှင့် နန်းချောင်းရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၁၃ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ရာ PDF Kalay မှ သုံးဦးကျဆုံးခဲ့ကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

PDF Kalay မှ ကျဆုံးသွားသူများမှာ ကိုရှမ်း ( ၂၉ နှစ်)၊ ကိုလော်မာ ( ၂၄) နှစ်နှင့် ကိုမြင့်သူ ( ၂၃ နှစ်) တို့ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

စစ်ကောင်စီတပ်များသည် အင်အား ၃၀၀ ခန့်ဖြင့် ပြည်တော်သာဘက်သို့ဦးတည်၍ မိုင်နွဲ့ရွာဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ကျောင်းတိုက်ရွာနှင့်ဆည်တော်ဦးရွာများဘက်မှတဆင့် စစ်ကြောင်း တစ်ကြောင်း စုစုပေါင်းစစ်ကြောင်း နှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဧပြီလ ၁၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်မှစတင်ပြီး ပြည်တော်သာရွာအနီးပတ်ဝန်းကျင်တွင် PDF(kalay)| Zomi (PDF)| PDA |CNDF | CDM(siyin)ပူးပေါင်းတပ်ဖွဲ့များနှင့် ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နန်းချောင်းကျေးရွာမှတစ်ဆင့် ဆည်တော်ဦးကျောင်းတိုက်သို့ ဆုတ်ခွာခဲ့ကြောင်းသိရသည်။

''ကျွန်တော်တို့ဘက်က ခုလိုကျတာ လက်နက်အင်အားမမျှလို့ပါ။ လူအင်အားမမျှတာထက် လက်နက်အင်အားမမျှတာပိုဆိုးပါတယ်။ လူအင်အားဘယ်လောက်ဖြစ်စေ လက်နက်သာကောင်းရင် ပြန်လည်ခုခံတိုက်ခိုက်ရာမှာ ပိုလွယ်မှာပေါ့နော်။ လက်နက်အင်အားကောင်းရင် ကျနော်တို့ဘက်က အကျအရှုံးနည်းမယ်။ သူတို့ဘက်ကလည်း အကျအရှုံးများမှာပေါ့နော်။ ခုတော့ စကစ(စစ်ကောင်စီ)ဘက်က ငါးယောက်လောက်သေတယ်။ PDF Kalay တပ်ရင်း (၃)က သုံးယောက်ကျပြီး ငါးယောက်ဒဏ်ရာရတယ်။ ကျွန်တော်တို့ Zomi PDF Kalay က တစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ခြောက်ယောက်လုံးကတော့ မစိုးရိမ်ရတဲ့အခြေအနေပါ '' ဟု Zomi PDF Kalay ပြန်ကြားရေးမှူး ထက်အောင်ကျော်က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်များသည် ကလေးမြို့နယ် အနောက်မြောက်ပိုင်းရှိ PDF(Kalay)တပ်ရင်း(၃) အခြေစိုက်စခန်းအား ဧပြီလ ၁၂ရက်နေ့ နံနက် ၉ နာရီခန့်တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ထုကာ အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်များသိမ်းဆည်းသွားခဲ့သည်။

အဆိုပါ PDF(kalay)တပ်ရင်း(၃)အခြေစိုက်စခန်းစီးနင်းခံရမှုအား လက်တုံ့ပြန်မှုအဖြစ် ဧပြီလ ၁၃ ရက် ညနေပိုင်းတွင် တောင်ဇလပ်ရပ်ကွက်ရှိ ခရိုင်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား PDF Kalay မှလက်နက်ကြီးလက်နက်ငယ်များဖြင့် တရစပ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးခန့်သေဆုံးနိုင်ကြောင်း Zomi PDF Kalay ပြန်ကြားရေးမှူးက ဆိုသည်။

ယင်းနောက် ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ကလေး)နှင့် ထောက်/ပို့တပ်များအတွင်းသို့ ၄၀မမ ၊၆၀မမ ၊၈၀မမ တို့ဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိကြောင်း Zomi PDF Kalay ပြန်ကြားရေးမှုးက ထပ်မံပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဧပြီလ ၇ ရက်နေ့မှစတင်ကာ ယနေ့ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့အကြား စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ကလေးမြို့

#PDFKalay

#တိုက်ပွဲဖြစ်ပွါး

#ZomiPDFKalay

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly