ဂျာမနီကြံ့ခိုင်ရေးမှူး မီရိုဆလပ်အား (၁၁) လ စာချုပ်ဖြင့် လက်ရွေးစင်အသင်းအတွက် ခေါ်ယူ

ဂျာမနီကြံ့ခိုင်ရေးမှူး မီရိုဆလပ်အား (၁၁) လ စာချုပ်ဖြင့် လက်ရွေးစင်အသင်းအတွက် ခေါ်ယူ
ဂျာမနီလူမျိုး ကြံ့ခိုင်ရေးနည်းပြ မီရိုဆလပ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စာချုပ်ချုပ်ဆိုရာ၌ တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ဇန်နဝါရီ ၂၇၊ ရန်ကုန်။             ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းအတွက် ဂျာမနီကြံ့ခိုင်ရေးမှူး မီရိုဆလပ်အား ၂၀၁၆ ဇန်နဝါရီ ၂၀ မှ ဒီဇင်ဘာ၂၀ အထိ (၁၁) လ စာချုပ်သက်တမ်းဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ခေါ်ယူစာချုပ်လိုက်သည်။

အသက် (၄၀) အရွယ်ရှိ ဂျာမနီနိုင်ငံသား မီရိုဆလပ်သည် ငယ်စဉ်က ဒေသတွင်းကလပ်အသင်းများတွင် ရှေ့တန်းတိုက်စစ်မှူးအဖြစ် ကစားခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်မှ စတင်ကာ ဒေသတွင်း ကလပ်အသင်းများတွင် နည်းပြချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့ပြင် မီရိုဆလပ်သည် သက်တမ်းအလိုက် ဘာလင် ယူ-၁၆၊ ယူ-၂၁ အသင်းများတွင် ၂၀၁၀ မှ ၂၀၁၅ အထိ ကြံ့ခိုင်ရေးနည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

ဂျာမနီကြံ့ခိုင်ရေးမှူး နည်းပြ မီရိုဆလပ်နှင့်ပတ်သက်၍ “ သူက ကြံ့ခိုင်ရေးမှူးအပြင် နည်းပြ အေလိုင်စင်လည်း ရှိပါတယ်။ အရင်ကလည်း ဂျာမနီလိဂ်မှာ ရှေ့တန်းကစားသမားတစ်ဦးပါ။   ဒေသတွင်းအသင်းတွေကို နည်းပြလည်း လုပ်ခဲ့ဖူးတယ်။ အဲ့အတွက်ကြောင့် အသင်းက တိုက်စစ်မှူးတွေကိုလည်း လေ့ကျင့်ပေးနိုင်ပါတယ်။ အသင်းအတွက်တော့ တကယ်ကောင်းလာမှာပါ ” ဟု မြန်မာ့လက်ရွေးစင်နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်က သူ့အမြင်ကို ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် ဂျာမနီနည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ၎င်းသည် ပြီးခဲ့သည့် ယူ-၂၀ လက်ရွေးစင်အသင်းတွင်လည်း ကြံ့ခိုင်ရေးမှူးအဖြစ် ဂျာမနီနည်းပြတစ်ဦး ခေါ်ယူခန့်ထားခဲ့ဖူးသည်။ မြန်မာအသင်းသည် လက်ရှိတွင် အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမည့် မတ်လ ၂၃ ရက်တွင် စင်ကာပူနိုင်ငံသို့သွားရောက်ကာ စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly