Cobra စစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူ ကိုရှိုင်းထက်နှင့် ဆက်သွယ်မေးမြန်းချက်

Cobra စစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူ ကိုရှိုင်းထက်နှင့် ဆက်သွယ်မေးမြန်းချက်

ဧပြီ ၁၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ KNUထိန်းချုပ်နယ်မြေ တပ်မဟာ(၆) ၊လေးကေ့ကော်ဒေသရှိ ဗိုလ်တာဘောဦးဆောင်သည့် Cobraစစ်ကြောင်းသို့စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးနှင့် တပ်သား တစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လာရောက်ပူးပေါင်းခဲ့သည်။

လာရောက်ပူးပေါင်းသူမှာ ခမရ(၅၈၅) ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်ဆိုသူဖြစ်ပြီး KNUနှင့် ပူးပေါင်းမှုမရှိခင်အချိန်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးရဲဘော်များကို ဝေဖန်ရေးသားချက်များရှိခဲ့သည့်အတွက် ပြည်သူအချို့က ၎င်းလာရောက်ပူးပေါင်းမှုကို လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ရေးသားမှုများရှိခဲ့သည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်၍ Cobraစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုရှိုင်းထက်နှင့် မေးမြန်းတင်ဆက်ထားသည်။

မေး ။ ။ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးနဲ့တပ်သား တစ်ဦး လာရောက်ပူးပေါင်းခဲ့တယ်။ အဲ့လိုပူးပေါင်းမှုမှာ ဒုတပ်ရင်းမှူးကို ပြည်သူတချို့က ဝေဖန်မှုတွေရှိနေတယ်။ အဲ့ဒီဝေဖန်မှုကို ဘာများပြောစရာရှိမလဲဗျ။

ဖြေ ။ ။ အရင်တုန်းကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့လည်း စိတ်ကူးမရှိပါဘူး ။ ပြောပြဖို့လည်း စိတ်ကူးမရှိပါဘူး ။ အခုဟာလည်းကျွန်တော်တို့ ပြောသင့်တယ်ထင်လို့ ပြောပြပါ့မယ် ။ ဒုတပ်ရင်းမှူးနဲ့ ဒီရဲဘော်တစ်ယောက် CDMလာဝင်တာပဲဖြစ်ဖြစ် လာပူးပေါင်းတာပဲဖြစ်ဖြစ်ပေါ့နော် ကျွန်တော်တို့ဆီကို ရောက်ရှိလာတဲ့အခါမှာ လူတွေကမျိုးစုံ ပြောကြတယ်ပေါ့နော် ၊။ ကျွန်တော်တို့က တော်လှန်ရေးအောင်ဖို့အတွက်ကို စစ်ရေးတစ်ခုတည်းကိုကြည့်ပြီးတော့ သွားလို့မရဘူး ။ ကျွန်တော်တို့က စစ်ကိုအရမ်းခုံမင်ပြီး တိုက်ပွဲတစ်ခုဖန်တီးချင်လို့ လာပြီးလက်နက်လာကိုင်နေတာမဟုတ်ဘူးလေ ။ ကျွန်တော်တို့က ဒီအာဏာရှင်ပြုတ်ကျဖို့အတွက် ဒီတော်လှန်ရေးအောင်မြင်ဖို့အတွက် ဦးတည်ပြီး လုပ်တဲ့အတွက်ကြောင့်မို့လို့ တော်လှန်ရေး အမြန်ဆုံးအောင်ဖို့အတွက်ကို နည်းလမ်းမျိုးစုံ ကျွန်တော်တို့ဘက်က သုံးရမှာပဲ။ သူတို့အနေနဲ့ စိုးရိမ်စိတ်ပူတာကိုလည်း လက်ခံတယ် ။ သူတို့ထောက်ပြတဲ့အရာတွေကိုလည်း ကျွန်တော်မြင်ပါတယ် ။ ဒါပေမဲ့လည်း ရဲဘော်အကြောင်းကိုတော့ ကျွန်တော်မပြောသေးဘူးဗျာ။ ဒီဒုတပ်ရင်းမှူးတစ်ယောက်က သူ့မှာလည်း သူ့ရဲ့အနာဂတ်ရှိတယ် ။ သူ့မိသားစုရှိတယ် ။ သူ့အနာဂတ် သူ့မိသားစုတစ်ခုကို သူဘယ်လိုကြည့်မလဲ ။ သူဦးနှောက်မရှိဘဲနဲ့တော့ သူကျွန်တော်တို့ဆီကိုမလာဘူး ။ ကျွန်တော်တို့ Cobra အဖွဲ့ ကလူတွေကလည်း ဘယ်အလုပ်ပဲဖြစ်ဖြစ် ပြီးပြီးရောမလုပ်ပါဘူး ။ ကျွန်တော်ဘက်က တိကျသေချာတဲ့အဖြေတစ်ခုရတော့မှ လုပ်တယ် ။ အမြဲတမ်း ကျွန်တော်တို့က အဆိုးဆုံးထိတွေးပြီးသွားပြီ ။ ဝေဖန်မှုတွေကြောင့်မလို့ တစ်ဖက်လူကိုလည်း ထိခိုက်သွားတာမလိုချင်ဘူး ။ ကျွန်တော်တို့ရှေ့ဆက်မယ့် လမ်းကြောင်းမှာလည်း ဘယ်လိုအခြေနေမျိုးပဲဖြစ်ဖြစ် အဲ့လိုရောက်လာခဲ့ရင် ကြိုဆိုရမှာပဲ။

မေး ။ ။ ဒုတပ်ရင်းမှူးအပါအဝင် သူတို့နှစ်ယောက်ရဲ့အခြေနေ ဘယ်လိုရှိပါသလဲ ။ဝေဖန်ပြောဆိုနေတဲ့စကားတွေက လက်တွေ့မှာ ဘယ်လိုကွာဟမှုရှိနေပါသလဲ ။

ဖြေ ။ ။ လောလောဆယ် သူတို့နှစ်ယောက်ကို လုံခြုံစိတ်ချရပြီး အဆင်ပြေနိုင်တဲ့နေရာမှာ ထားထားပါတယ် ။ တိုက်ပွဲထဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကိုတောင်သေချာ ပြုစုစောင့်ရှောက်ထားပြီး ကောင်းကောင်းမွန်မွန်ထားခဲ့ပေးတာပဲ ။ ဒီလိုလူတန်းစားကို ကောင်းကောင်းမွန်မွန်မထားနိုင်ဘဲနေပါ့မလား ။ သေသေချာချာ ထားပေးပါတယ် ။ သူတို့ဖြစ်စေချင်တဲ့အရာတွေ သူတို့လုပ်ချင်တဲ့အရာတွေ ဘယ်လိုပံ့ပိုးပေးရမလဲ ဘယ်လိုကူညီပေးရမလဲ ဆိုတာ စဉ်စားထားပါတယ် လုပ်ပေးပါတယ် ။ ဝေဖန်မှုတွေကိုလည်း ကျွန်တော်တို့အနေနဲ့က လျစ်လျူမရှုထားပါဘူး ။ သူတို ထောက်ပြတဲ့အရာတွေကိုလည်း လျစ်လျူရှု မထားပါဘူး ။ သုံးသပ်ကြည့်ပါတယ် တွေးပါတယ် ။ ဒါပေမဲ့ ပြောချင်တဲ့ စောနက စကားလိုပေါ့ ။ဘယ်အရာကိုမှ ကျွန်တော်တို့ လွယ်လင့်တကူ မဆုံးဖြတ်ပါဘူး ။တိကျသေချာမှ အရာရာကိုလုပ်ပါတယ် ။ အဲ့ဒါကြောင့် လောလောဆယ် သူတို့နှစ်ယောက်အဆင်ပြေတယ် သူတို့နှစ်ယောက်ကို လုံလုံခြုံနဲ့ထားထားပေးတယ် ။ သူတို့ကိုကောင်းကောင်းမွန်မွန်နဲ့ ပြုစုစောင့်ရှောက်ထားပါတယ် ။ နွေးနွေးထွေးထွေးနဲ့ပဲ ဆက်ဆံပါတယ် အဲ့ဒါလေးတော့ သိစေချင်တာပေါ့နော်။

မေး ။ ။ တော်လှန်ရေးကာလက တစ်နှစ်ကျော်လာပြီ ဒီကာလအတွင်းမှာ တော်လှန်ရေးရဲဘော်တွေနဲ့ ထောက်ပို့အဖွဲ့တွေကို လူမှုကွန်ရက်တွေကနေ ဝေဖန်မှုတွေ၊တိုက်ခိုက်မှုတွေနဲ့ စွပ်စွဲမှုတွေ ရှိနေတယ်ဆိုတော့ အဲ့ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ

ဖြေ ။ ။ တော်လှန်ရေး ရဲဘော်အချင်းချင်းသော်လည်ကောင်း အပြင်က ကီးဘုတ်ဖိုက်တာတွေသော်လည်ကောင်း ဝေဖန်မှုတိုက်ခိုက်မှုတွေမပြောနဲ့အုန်းဗျာ ။ တခြား ဆယ်လီကြီးတွေတောင် တိုက်ခိုက်မှုတွေအများကြီးရှိနေတာပဲ ။ ပြောချင်တာတခုက တော်လှန်ရေးရဲဘော်တွေလည်းပြောချင်တယ် ။ ကီးဘုတ်ဖိုက်တာတွေလည်း တော်လှန်ရေးမှာ တထောင့်တနေရာမှာပါဝင်တာပဲလေ ။ပြောချင်တာက တော်လှန်ရေးအမြန်အောင်ဖို့အတွက်ကို ဥပမာတော်လှန်ရေးရဲဘော်တွေဆိုရင် စစ်သားတွေဖြစ်နေပြီး စစ်သားဖြစ်နေတဲ့အတွက်ကြောင့် စစ်သားတစ်ယောက်အနေနဲ့ အာဏာရှင်ကိုတော်လှန်ဖို့ စကစ(စစ်ကောင်စီ)ပြုတ်ကျဖို့အတွက်ကို ငါတို့ဘယ်လိုအားစိုက်ပြီးတော့ တိုက်ခိုက်မလဲ ငါတို့ဘယ်လိုလေ့လာရဦးမလဲ ဘာတွေကိုဆည်းပူးရဦးမလဲ အဲဒါတွေကိုပဲ ရဲဘော်တစ်ယောက်အနေနဲ့သိစေချင်တယ် ။ ဟိုလူကဘာဖြစ်တယ် ထောက်ပို့ကဘာဖြစ်တယ် ဘယ်သူကဘာတွေမဟုတ်တာတွေလုပ်နေပြီး ဘယ်အဖွဲ့အစည်းက ဘာတွေအဆင်ပြေနေပြီး ငါတို့ဘာလို့အဆင်မပြေတာလဲပေါ့နော် ။ အဲ့လိုတွေပြောနေမယ်ဆိုလို့ရှိရင် တော်လှန်ရေးက အဆင်ပြေမယ်လို့တော့မထင်ဘူး ။ ကီးဘုတ်ဖိုက်တာတွေကိုလည်းပြောချင်တာက သူတို့က တော်လှန်ရေးမှာသေနတ်မကိုင်ဘူးဆိုပေမယ့်လည်း ဖုန်းကိုင်ပြီး ကီးဘုတ်နဲ့ တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေလုပ်နေတာ သူတို့လွဲမှားစွာရေးလိုက်တဲ့အရာတွေ လွဲမှားစွာတွေးလိုက်တဲ့အရာတွေ လွဲမှားစွာပြောလိုက်တဲ့အရာတွေက အများကြီး အကျိုးသက်ရောက်မှုရှိတယ် ။အဲ့ဒါမို့လို့လည်း ကိစ္စတစ်ခု သတင်းတစ်ခုကို တိကျသေချာမှုမရှိဘဲနဲ့ မခိုင်လုံသေးဘဲနဲ့ လက်လွတ်စပယ်ကြီး မလုပ်ကြပါနဲ့ မပြောကြပါနဲ့ အပုတ်မချကြပါနဲ့လို့ တိုက်တွန်းချင်တယ် ။နောက်တစ်ခုက အဲ့လို ပုတ်ခတ်နေလို့လည်း တော်လှန်ရေးက မြန်မြန်ပြီးသွားမှာမဟုတ်ဘူး ။ အဓိကကတော့ ကီးဘုတ်ဖိုက်တာတွေနဲ့ တော်လှန်ရေးရဲဘော်တွေကိုပြောချင်တာက စကစ(စစ်ကောင်စီ) ဒီအာဏာရှင်ကို ဘယ်လိုမျိုးပြုတ်ကျအောင် ဒီတော်လှန်ရေးကြီးမှာ ငါတို့ဘယ်လိုဝိုင်းဝန်းပြီးတော့ ကူညီပြီးတော့ ငါတို့အားလုံးစည်းစည်းလုံးလုံးနဲ့ ပြစ်ချက်ကလေးတွေ အမှားလေးတွေရှိခဲ့ရင်တောင် အချင်းချင်းနားလည်ပေးပြီးတော့ စည်းစည်းလုံးလုံးနဲ့ ငါတို့ဘယ်လိုလုပ်ကြမလဲလို့ အဖြေကိုရှာသင့်တယ်လို့ အဲ့လမ်းကိုသွားသင့်တယ်လို့ ထင်တယ် ။

မေး ။ ။ နောက်ထပ်လာရောက်ပူးပေါင်းချင်တဲ့ သူတွေကိုကော ဘာများပြောချင်ပါလဲခင်ဗျ။

ဖြေ ။ ။ လာပူးပေါင်းချင်တဲ့သူတွေကိုပြောချင်တာက ကြိုဆိုနေပါတယ် အချိန်မရွေး ဆက်သွယ်ပြီးတော့ လာပူးပေါင်းလို့ရပါတယ် ။ လိုချင်တဲ့ သတင်းအချက်အလက်ကို ကျွန်တော်တို့ပြောတဲ့အတိုင်းလေး ပြုမှုဆောင်ရွက်ပေးမယ်ဆိုရင် လုံးဝကို ကြိုဆိုပါတယ် ။ သူတို့လာရောက်ပူးပေါင်းတဲ့အတွက်လည်း သူတို့မိသားစု နောင်ရေးအတွက်ကို အာမခံချက်ပေးနိုင်အောင်အထိကို ကူညီဆောင်ရွက်ပေးဖို့ အသင့်ပါပဲ ။ အဲ့ဒီအတွက်ကြောင့်မလို့ လာပြီးတော့ ပူးပေါင်းပါလို့ တော့ တိုက်တွန်းချင်ပါတယ်။

#Mizzima

#ဆက်သွယ်မေးမြန်ချက်

#ကရင်ပြည်နယ်

#မြဝတီခရိုင်

#KNUထိန်းချုပ်နယ်မြေ

#တပ်မဟာ(၆)

#Cobraစစ်ကြောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required