“ဇာတ်နာတဲ့ ကျူးပြဿနာ၊ ဘယ်လို အဖြေရှာမလဲ။”

“ဇာတ်နာတဲ့ ကျူးပြဿနာ၊ ဘယ်လို အဖြေရှာမလဲ။”
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုရပ်ကွက်အနီးရှိ စီမံကိန်းမြေနေရာရှိ ကျူးကျော်နေထိုင်သည့်အိမ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္စျိမ)

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က အစိုးရ အာဏာပိုင်တွေဟာ ဒဂုံဆိပ်ကမ်းမြို့သစ်က ကျူးကျော်အိမ်တွေကို မြေထိုးစက်တွေနဲ့ ဖြိုဖျက်ခဲ့ပါတယ်။ ထုံးစံအတိုင်း သတင်းစာဂျာနယ်တွေကတော့ “ကြိုတင် အသိပေးခြင်းမရှိခဲ့၍ အိမ်ဖျက်ခံရသူများ နေထိုင်ရေး အခက်ကြုံ” ဆိုပြီး မျက်နှာဖုံးတင်၊ ဇာတ်နာအောင် ရေးသားဖော်ပြကြပါတယ်။ သတင်းထဲဖတ်ကြည့်တော့မှ သက်ဆိုင်ရာက စာ(၃) ကြိမ်လောက်ပေးပို့ အကြောင်းကြားပြီး ဖြစ်ကြောင်း သိရတာပါ။ ဒီသတင်းနဲ့ မရှေးမနှောင်းမှာပဲ မင်္ဂလာဒုံဘက်မှာ၊ ပြင်ဦးလွင်မှာ၊ အခြား မြို့နယ်တွေမှာ ကျူးကျော်တွေကို ဖယ်ရှားပေးဖို့၊ မဖယ်ရှားရင် အကြမ်းဖက် ဖယ်ရှားဖို့ အကြောင်းကြားစာတွေ ထုတ်ထားတယ်လို့လည်း သိရပါတယ်။ ဘယ်လိုပဲဆိုဆို ကျူးကျော်သူပဲဖြစ်ဖြစ် ဘယ်သူတွေပဲ ဖြစ်ဖြစ် နေအိမ်တွေကနေ ဖယ်ရှားခံရတယ် ဆိုတာကတော့ သတင်းကောင်း မဟုတ်ပါဘူး။ ပြသနာက ကျူးကျော်တွေကို ခုလို အကြမ်းဖက် ဖယ်ရှားလိုက်ရုံနဲ့ ပြီးဆုံးသွားမလား ဆိုတာပါ။ ဒီ ပြသနာတွေ ဘယ်လို ဖြစ်ရတာပါလဲ၊ ပြသနာတွေကို ဘယ်လို ဖြေရှင်းရင် ဖြစ်နိုင်မလဲ ဆိုတာ ဆွေးနွေးကြည့်ကြရအောင်ပါ။

ကျူးကျော် ဆိုတာကို အကြမ်းဖျဉ်း အဓိပ္ပါယ် ဖွင့်ရရင် သူတို့ တရားဝင် ပိုင်ဆိုင်ခြင်း မရှိတဲ့ မြေကွက်တွေပေါ်မှာ သက်ဆိုင်ရာရဲ့ တရားဝင် ခွင့်ပြုချက် မရှိပဲ ဝင်ရောက် နေထိုင်သူတွေပါ။ သူတို့ ကျူးကျော် ဝင်ရောက်နေထိုင်တယ် ဆိုတဲ့ မြေနေရာတွေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တပ်ပိုင်၊ ဌာနဆိုင်ရာပိုင်၊ အိုးအိမ်ပိုင်၊ ပုဂ္ဂလိကပိုင်၊ လယ်ယာမြေ၊ သစ်တော၊ မြစ်ကမ်းဘေး၊ လမ်းနံဘေး အားလုံးဖြစ်နိုင်ပါတယ်။

ဒီ သတ်မှတ်ချက်နဲ့ ကြည့်မယ် ဆိုရင် မြန်မာပြည်မှာ ကျူးကျော်တွေ အမြောက်အများရှိနေပါတယ်။ သိန်းဂဏန်း မက ရှိနိုင်ပါတယ်။ ရန်ကုန် ဧရိယာထဲမှာလည်း အမြောက်အများ ရှိပါတယ်။ ထင်သာမြင်သာရှိတဲ့ မြေကွက်တွေပေါ်မှာ တစ်စုတစ်ဝေးထဲ ဝင်ရောက် နေထိုင်ကြတာ ရှိသလို၊ ရထားလမ်းနဘေး ဟိုအိမ်တစ်လုံး ဒီအိမ်တစ်လုံး နေထိုင်တာမျိုး အထိ စုံလင်ပါတယ်။

ကျူးကျော်တွေ စုဖွဲ့ တည်ရှိလာပုံတွေကလည်း ပုံစံ အမျိုးမျိုးကွဲပြားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တကယ့်ကို နေစရာ မရှိလို့ ကိုယ့်ဖာသာကိုယ် စွန့်စားပြီး တဲထိုး၊ နောက် တဖြေးဖြေး အိမ်ဝိုင်းကလေး ဟိုချဲ့ ဒီချဲ့ရင်း အနှစ် ၂၀- ၃၀ မက နေထိုင်နေကြတဲ့ သူမျိုးတွေလည်း အများအပြား ရှိပါတယ်။ တစ်ခါတစ်ရံတော့လည်း မသမာသူတွေက လှည့်ဖျားမှုနဲ့ အုပ်စုလိုက်၊ ရာနဲ့ချီ ဘုမသိ ဘမသိ မြေကွက်ဝယ်၊ ဝင်ရောက် နေထိုင်မိတဲ့သူတွေလည်း ရှိပါတယ်။ ဒါမျိုးတွေက အခု ပြည်သူ့လွတ်လပ်ခွင့် နည်းနည်းရလာတဲ့၊ ဒီမိုကရေစီ နည်းနည်းရလာတဲ့ ခေတ်မှာ ပိုများလာပါတယ်။

ဒါပေမယ့်လည်း သေခြာတာ တစ်ခုကတော့ အခု နှစ်ပိုင်းတွေအတွင်း နိုင်ငံအနှံ့အပြားမှာ ကျူးကျော်တွေ ပိုများလာတယ် ဆိုတာပါပဲ။ ဒီအထဲမှာ ရန်ကုန် ဧရိယာက အများဆုံး ဖြစ်ပါတယ်။
ပြသနာရဲ့ တကယ့် အရင်းခံကတော့ မြို့ပြတွေမှာ လူဦးရေ တိုးတက်များပြား၊ လူနေ ထူထပ်လာတဲ့ အချိုးအစားနဲ့ လူနေအိမ်ယာ အသစ် ဖော်ထုတ်နိုင်မှု အချိုးအစား မျှတခြင်း မရှိတာကနေ စ ပါတယ်။

ဒီ ပြသနာ အတွက် အဓိက တာဝန်ရှိသူကတော့ အစိုးရပါ။ အစိုးရဟာ မြို့တစ်မြို့ နယ်တစ်နယ်၊ ရှိတဲ့ လူဦးရေ အချိုးအစား၊ ရှိနေတဲ့ လူနေအိမ်ယာ၊ လိုအပ်တဲ့ လူနေအိမ်ယာ စနစ် တကျ တွက်ချက်ပြီး အဲဒီ လိုအပ်နေတဲ့ လူနေအိမ်ယာတွေ ပေါ်ပေါက်လာအောင် ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတဲ့ စနစ်ကျတဲ့ အစီအစဉ် မရှိမှုပါပဲ။ စနစ်ကျတဲ့ Plan မရှိရကောင်းလား ဆိုပြီး အပြစ်တင်လည်း မစောကြပါနဲ့။ အစိုးရဟာ မြန်မာနိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိသလဲ ဆိုတာကိုတောင် မသိတဲ့ အစိုးရ၊ မှန်မှန်ကန်ကန် မမှန်းဆတတ်တဲ့ အစိုးရ၊ ရန်ကုန်မှာ လူဘယ်လောက်နေသလဲ၊ ဘယ်လောက် တိုးပွားလာ သလဲ မမှန်းဆတတ်တဲ့ အစိုးရ ဖြစ်နေလို့ပါပဲ။ အရည်အချင်း မရှိတဲ့ဘက်မှာကတော့ စံနမူနာ ပြနိုင်တဲ့ အစိုးရ ယန္တယားပါ။

ဒါကြောင့်လဲ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အိမ်ယာ တိုက်ခန်း လိုအပ်ချက်နဲ့ အိမ်ယာတိုက်ခန်း ဖော်ထုတ်ပေးနိုင်မှုဟာ ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိခဲ့ပါတယ်။ အကျိုးဆက်ကတော့ လူလတ်တန်းစားတွေလည်း အိမ်ယာ တိုက်ခန်း မပိုင်နိုင်၊ ကျူးကျော်တွေလည်း နေရာ အနှံ့မှာ များပြား ဆိုတဲ့ အခြေအနေမျိုး ရောက်သွားရတာပါ။ တကယ့်တကယ် ပြောရရင် ကျူးကျော်ပြသနာ ဖြေရှင်းရေးမှာ အိမ်ယာတိုက်ခန်း ဖော်ထုတ်မှုက အတော်လေးကို အရေးပါပါတယ်။ အိမ်ယာတိုက်ခန်း ဖော်ထုတ်ရေး ဆိုတာကလည်း အစိုးရဘတ်ဂျက်ကို သုံးပြီး ဟိုနားတစ်ကွက် ဒီနား တစ်ကွက် ဖော်ထုတ်လို့ ဘာမှ မထိရောက်နိုင်ပါဘူး။ ဈေးကွက်လိုအပ်ချက်၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးအမြတ်၊ အာဏာပိုင်တွေရဲ့ လုပ်ပိုင်ခွင့် အဲဒီ သုံးခု ပေါင်းစပ်လိုက်ရင် နိုင်ငံတော် ဘတ်ဂျက်ကနေ ငွေကြေး အလုံးအရင်းနဲ့ မစိုက်ထုတ်ပဲနဲ့တောင် အကောင်အထည် ဖော်လို့ ရပါတယ်။

လက်ရှိ အိမ်ယာ တိုက်ခန်း ဖော်ထုတ်မှုနဲ့ ပတ်သက်ရင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မယ့် ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေက အဆင်သင့် ရှိနေကြပါတယ်။ အိမ်ယာ တိုက်ခန်း သောင်းနဲ့ သိန်းနဲ့ချီ ဖော်ထုတ် တည်ဆောက်နိုင်တယ် ဆိုပြီး ပြောဆိုထားကြတာပါ။ သင်ေ့တာ်တဲ့ ဈေးနှုန်းနဲ့ဆို ဝယ်လိုအားကလည်း အဆင်သင့်ပါ။ လိုအပ်နေတာက အစိုးရရဲ့ စီမံခန့်ခွဲပေးမှု၊ အသိအမှတ်ပြုမှု၊ ကြီးမားတဲ့ ရေ၊ မီး၊ လမ်း လို အခြေခံ အဆောက်အဦ တည်ဆောက်ပေးမှုမျိုးပါ။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ ငါးနှစ်တာ ကာလ အတွင်း အဲဒါတွေ ထိထိရောက်ရောက် ဖြစ်မလာခဲ့ပါဘူး။ နောက်တစ်ချက်ကတော့ လက်ရှိ ရှိနေပြီးသား ကျူးကျော်တွေနဲ့ ပတ်သက်ပြီး စနစ်တကျ ဖြေရှင်းပေးဖို့ပါ။ နှစ်ပေါင်းများစွာ အခြေချ နေထိုင်လာသူတွေ၊ သူတို့ နေအိမ်တွေကို ဖျက်သိမ်း လိုက်ရင် တကယ်ပဲ လမ်းပေါ် ရောက်သွားမယ့် သူတွေကို သင့်တင့်တဲ့ ဖြေရှင်းမှုမျိုး လုပ်ပေးဖို့ လိုပါလိမ့်မယ်။

နောက်ဆုံး အရေးကြီးတာက ကျူးကျော်တွေနဲ့ ပတ်သက်ရင် အသစ်အသစ်သော ပြသနာတွေ မဖြစ်ရလေအောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက အစ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေ အဆုံး သက်ဆိုင်ရာ အပိုင်နေရာတွေကို စောင့်ရှောက်ထိမ်းသိမ်းဖို့ပါ။ တဲ တစ်လုံး ကျူးကျော်လာတာကို မဖြေရှင်းရင် နောက်ထပ် တဲ တစ်လုံးပြီး တစ်လုံး များပြားလာရင် ကြာလာနဲ့ အခိုင်အမာ အိမ်ကြီးတွေဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် လက်လွဲှပြီး ရောင်းကြ၊ ဝယ်ကြနဲ့ နောက်ဆုံး ဖြေမရ ရှင်းမရ ဇာတ်နာတဲ့ ဇာတ်လမ်းတွေ နဲ့ပဲ ဇာတ်သိမ်းခန်း ရိုက်ရတာပါ။ ဒါမျိုး သတင်းမီဒီယာတွေလောက်ပဲ ကြိုက်ကြပါတယ်။

ကျူးကျော်တွေ ပြသနာ ဖြေရှင်းဖို့ ဆိုတာ မလွယ်ပါဘူး။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အစိုးရ၊ အဂတိလိုက်စားမှုများတဲ့ အစိုးရ တစ်ရပ်အောက်မှာ ဖြေရှင်းရ အလွန်ခက်ခဲပါတယ်။ အရည်အချင်းလည်းရှိ၊ တာဝန်ယူမှု တာဝန်ခံမှုလည်းရှိ၊ အဂတိလိုက်စားမှုလည်း နည်းတဲ့ အစိုးရမျိုး ပေါ်ပေါက်မှာ ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required