မန္တလေးတွင် စစ်ကောင်စီ၏ ကျူးကျော်ဟုသတ်မှတ်ခံရသည့်အိမ်များကို  ဆက်လက်ရှင်းနေ

By 007 မဇ္ဈိမ
01 March 2023
မန္တလေးတွင် စစ်ကောင်စီ၏ ကျူးကျော်ဟုသတ်မှတ်ခံရသည့်အိမ်များကို  ဆက်လက်ရှင်းနေ

မန္တလေးမြို့တွင် စစ်ကောင်စီ၏ကျူးကျော်ဟုသတ်မှတ်ခံရသည့်နေအိမ်များ ယနေ့အထိ ဆက် လက် ဖြိုချ ရှင်းလင်းခံနေရကြောင်း မြေပြင်သတင်းများအရ သိရသည်။

“ကျွန်တော်တို့ဘက်ကို မနေ့ကစဖျက်တယ်၊ ဒီနေ့လည်းတစ်နေကုန်ဆက်ဖျက်နေတုန်းပဲ။ ထုံံးစံအတိုင်း ညဘက်လာအော်ပြီး နောက်နေ့မနက်ဝင်ဖျက်ကြတာပါပဲ” ဟု ပြည်ကြီးတံခွန်မြို့နယ် ၁၂၇ လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြားရှိ နေအိမ်များဖြိုချရှင်းလင်းခံရမှုအခြေအနေနှင့်ပတ်သက်၍ နစ်နာသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ကွက်သစ်(ဋ)ရပ်ကွက်အတွင်းရှိ လူနေအိမ် များအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ လက်နက်နှင့်လူအင်အား၊ စက်ယန္တရားအင်အား အများအပြားအသုံးပြုပြီး ဖြိုချရှင်းလင်းမှုပြုလုပ်ခဲ့သည်။

ထို့နောက် ပြည်ကြီးတံခွန်မြို့နယ် မီးရထားလမ်းဘေးတစ်လျှောက်ရှိ နေအိမ် ၂၀၀ ကျော်၊ အောင်မြေ သာစံမြို့နယ် အိုးဘိုရပ်ကွက်ရှိ မီးရထားပိုင်မြေကျူးကျော်ဟုသတ်မှတ်ခံရသည့်နေအိမ် ၂၅၀ ကျော်တို့ကို ဆက်လက်ရှင်းလင်းခဲ့ပြီး ချမ်းမြသာစည်နှင့် အမရပူရမြို့နယ်တို့တွင်လည်း စစ်တပ်နှင့်ဌာနဆိုင်ရာပိုင်မြေ များတွင်ကျူးကျော်နေထိုင်သူများဟုသတ်မှတ်ချက်ဖြင့် နေအိမ် ၁၀၀ ကျော်ကို ထပ်မံရှင်းလင်းခဲ့သည်။

“ဘယ်နေ့ဖျက်မယ်လို့ပဲ ခပ်သုတ်သုတ်အော်(ကြေညာ)သွားတာ၊ ဘယ်နေရာဘယ်အချိန်လာဖျက်မယ် ဆိုတာမပါတော့ ရုတ်တရတ်လာဖျက်တဲ့အခါမှာ ပြင်ဆင်ချိန်မရတော့ဘူး။ ဘာမှအထွန့်တက်လို့ကို မရ တာ ရောက်တာနဲ့ ဘူဒိုဇာနဲ့ဝင်ကြုံးတော့တာပဲ။ အခုနောက်ပိုင်း သူတို့ဖျက်ဆီးနေတာကိုဓာတ်ပုံရိုက်ရင် ဖမ်းဆွဲခေါ်သွားတယ်၊ ဓာတ်ပုံရိုက်လို့ဖမ်းခေါ်ခံရပြီး ခုထိအစအနပျောက်နေတာတွေလည်းရှိတယ်” ဟု ချမ်းမြသာစည်မြို့နယ်မှ နေအိမ်ရှင်းလင်းခံခဲ့ရသူတစ်ဦးက ဆိုသည်။

အဆိုပါနေရာများသည် မူလပိုင်ရှင်ရှိပြီးသားမြေနေရာဖြစ်ခြင်းကြောင့် ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း မန္တလေးစည်ပင်ကဆိုသော်လည်း ပိုင်ဆိုင်မှုအထောက်အထားအပြည့်အစုံရှိသူများပါ ဖယ်ရှားရှင်းလင်း ခံနေရကြောင်း လူမှုကွန်ရက်သတင်းများအရ သိရသည်။

ကျူးအဖြစ်သတ်မှတ်ရှင်းလင်းခံခဲ့ရသည့်နေအိမ်များတွင် ဂရန်အမည်ပေါက်များပါဝင်နေကြောင်း နစ်နာ သူများကဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

မန္တလေးမြို့တွင် ယခုကဲ့သို့ ကျူးကျော်အဖြစ်သတ်မှတ်ပြီး နေအိမ်များအားဖယ်ရှားရှင်းလင်းနေခြင်း ကြောင့် အိမ်ရာမဲ့နှင့် အိမ်ခန်းငှားရမ်းခစျေးနှုန်းမြင့်တက်မှု အစရှိသည့် နောက်ဆက်တွဲလူမှုဒုက္ခ ပေါင်းစုံ ကြုံတွေ့နေကြရပြီး လမ်းဘေး၌ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုဖြစ်စဉ်များလည်း မကြာခဏဖြစ်ပေါ်နေ သည်။ 

(ဓာတ်ပုံ- ပုံဟောင်း)

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required