ကံစမ်းမဲပေါက်သည်ဆိုကာ ငွေလွှဲခိုင်းသည့် အလိမ်အညာများ သတိထား

ကံစမ်းမဲပေါက်သည်ဆိုကာ ငွေလွှဲခိုင်းသည့် အလိမ်အညာများ သတိထား

မြန်မာနိုင်ငံ ဒေသအချို့တွင်မှ ပြည်သူအချို့ကို ကံစမ်းမဲပေါက်သည့်အတွက် အခွန်ဆောင်ရန် ဘဏ်မှ ငွေလွှဲစေပြီး လိမ်ညာ ငွေထုတ်ယူနေကြခြင်းကြောင့် ကံစမ်းမဲ ပေါက်သည်ဆိုကာ ငွေလွှဲခိုင်းပါက မလွှဲကြရန် နယ်အချို့ရှိ ကမ္ဘောဇ ဘဏ်ခွဲများတွင် သတိပေးတားမြစ်ချက်များ ထုတ်ပြန်ထားရသည်။

ကမ္ဘောဇဘဏ် ဝန်ထမ်းတစ်ဦးဖြစ်သည့် Chit Swe အမည်ဖြင့် ဖေ့စ်ဘုတ် သုံးသူက “ရိုးခြင်း၊ အခြင်း၊ လောဘတက်ခြင်းများကို အခွင့်ကောင်းယူ၍ မရှိဆင်းရဲသားများပါ ချမ်းသာမပေး၊ ဖုန်းပြောခ အရင်းစိုက်၍ လိမ်နေခြင်းအား ပြည်သူအများသိအောင် လက်တို့ပြီး ပြောပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်” ဟု ရေးသားထားသည်။

လိမ်လည်သူများ၏ လိမ်လည်ပုံကို “ဖုန်းကံစမ်းမဲ သိန်း၃၀၀ ပေါက်နေပါတယ်။ သိန်း ၁၀၀ကို ၆သိန်းနှုန်းနဲ့ အခွန်ဆောင်ရန် ၁၈သိန်း ဒီနေ့လွှဲပေးရင် သိန်း၃၀၀ပြန်လွှဲပေးမယ်။ ငွေမလွှဲပေးရင် သိန်း ၃၀၀ ရမှာမဟုတ်ဘူး။ တခြားလူတွေလဲ အသိပေးလို့ မရဘူး။ နိုင်ငံတော်ရဲ့ အစီအစဉ်၊ ပြည်ထောင်ဝန်ကြီး ဘယ်သူရဲ့ အစီအစဉ် စသည်ဖြင့် ယုံ လောက်အောင်ပြော၍ ငွေလွှဲခိုင်းခြင်းကို လွှဲပေးမိ၍ ကံဆိုးခြင်းများ မကြာခဏ ကြုံတွေ့နေရပါသည်” ဟုလည်း ရေးသားထားသည်။

ဇန်နဝါရီ ၁၅ ရက်နံနက်တွင် ကမ္ဘောဇဘဏ်သို့ ငွေလာလွှဲသူ တစ်ဦးနှင့် ကြုံတွေ့ခဲ့ရပြီး ငွေလွှဲသူက ဦးလေးထံ လွှဲမည်ဟု ဆိုရာ ဘဏ်ဝန်ထမ်းက "ကံစမ်းမဲပေါက်လို့ အခွန်ဆောင်ဖို့ လွှဲတာလားအမ” ဟု မေးသော်လည်း ဦးလေးထံ လွှဲခြင်းဟု ငွေလွှဲသူက ဆိုခြင်းကြောင့် လွှဲပေးလိုက်ရမှ မွန်းလွဲပိုင်းတွင် ထိုငွေလွှဲသူ အလိမ်ခံခဲ့ရသည်ဟု ဆိုသည်။

"အဲဒါဆို အလိမ်ခံရပြီ၊ စောစောက မေးတော့ ဦးလေးကိုလွှဲတာဆို" "သူက အဲလိုပြောခိုင်းလို့ ဘယ်သူမေးမေး ဦးလေးကို လွှဲတာလို့ပြောတဲ့  မလွဲှခင်ကတော့ ဖုန်းခဏခဏ ဆက်ပြီးတော့ အခုခေါ်မရတော့ဘူး" "ဒီမှာလဲ လွှဲမပေးဖို့စာတွေ ကပ်ထားတယ် သတိလဲ ပေးသေးတာ အမက ဇွတ်လွှဲတာကို" "ကျမလဲတကယ်ငွေရမယ်ထင်လို့" လူလိမ်များမှ မည်ကဲ့သို့ ဖုန်းဖြင့် ယုံအောင် ပြောခဲ့သည်မသိပါ။ အကြိမ်ကြိမ် သတိပေးသည့်ကြားမှလွှဲ ဖြစ်အောင် လွှဲသွား၍ ငွေ ၁၄သိန်း ဆုံးရှုံးသွားပါသည်။ ဟု Chit Swe က သူ၏ ဖေ့စ်ဘုတ်တွင် ဖြစ်ပျက်ပုံကို ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags