“အင်န်အယ်လ်ဒီ အမတ်တွေ၊ နှုတ်ကြောင့် မသေပါစေနဲ့”

“အင်န်အယ်လ်ဒီ အမတ်တွေ၊ နှုတ်ကြောင့် မသေပါစေနဲ့”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား အစုအဖွဲ့က လွှတ်တော် နာယကဆီ ကန့်ကွက်စာ တစ်စောင် ပေးပို့ပါတယ်။ ထူးထူးခြားခြား စာပါ။ အဲဒါကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အတွင်းမှာ အမျိုသားစီမံကိန်း ဥပဒေ မူကြမ်းပါ တပ်မတော်အခန်းနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီအမတ် ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက် တွေကို လွှတ်တော် မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။ ဒီပေးစာကို လွှတ်တော်နာယက က လွှတ်တော်တွင်း ဖတ်ပြပြီးနောက် အတည်ပြုပေးလိုက်ပါတယ်။ ပြဿနာ ဘယ်လိုဖြစ်ရတာပါလဲ၊ လွှတ်တော် တွင်းမှာ ဒေါက်တာအောင်မိုးညိုက ဘာတွေ ပြောဆိုလို့၊ တပ်မတော်သား အစုအဖွဲ့က ဘယ်လို ကန့်ကွက်တာပါလဲ၊ အင်န်အယ်လ်ဒီ အမတ်တစ်ယောက်ရဲ့ ဒီလို ပြောဆိုမှုမျိုးတွေဟာ သင့်တော်ပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အဲဒီနေ့မှာ ဒေါက်တာအောင်မိုးညိုက ခုလို ဆွေးနွေးခဲ့ပါတယ်။ “အထည်ချုပ် စက်ရုံလည်း မြန်မာ့စီးပွားရေး ဦးပိုင်၊ လက်ပန်းတောင်းတောင် စီမံကိန်းလည်း မြန်မာ့စီးပွားရေး ဦးပိုင်၊ လက်ပန်း တောင်းတောင် စီမံကိန်းလည်း မြန်မာ့စီးပွားရေး ဦးပိုင်၊ ကြယ်ငါးပွင့် ပင်လယ်ကူးသင်္ဘောလိုင်းလည်း ဦးပိုင် စသဖြင့် ဦးပိုင် ပိုင်တာတွေ များသော်လည်း အောက်ခြေ တပ်မတော်သားများရဲ့ လူမှု စီးပွား ဘဝကို ဘယ်လောက် အထောက်အကူ ပြုနေသလဲ၊ ကျွန်တော် မသိပါဘူး။ ကျွန်တော့် မဲဆန္ဒနယ်က တပ်မှာတော့ မသေရုံတမယ် စားနေရပြီး အရှက်လုံရုံ ဝတ်ဆင်နေကြရပါတယ်။ ထင်းခွေစားတဲ့ လူနဲ့၊ တောကြိုအုံကြား၊ ကင်ပွန်းရွက် ခူးရောင်းတဲ့သူနဲ့ ဒီလို မဖြစ်သင့်ပါဘူး။” “ အရာရှိကြီးများ အလျံပယ် ပြည့်စုံနေသလောက်၊ အောက်ခြေရဲဘော်တွေ ဆင်းရဲ ချို့တဲ့နေမယ်ဆိုရင် တပ်မတော်ရဲ့ ရည်မှန်း ချက်-------” ဆိုတဲ့ စကားအရောက်မှာ လွှတ်တော် နာယက သူရဦးရွှေမန်းက ကြားဖြတ်ပြီး “ ဒီမှာ- ဘယ်အဖွဲ့အစည်းကို သိက္ခာကျစေတဲ့ စကားတွေ မသုံးပါနဲ့၊ နောက်ဆုံးအကြိမ် သတိပေးတာပါ။” လို့ သတိပေးတဲ့ အခြေအနေ ရောက်ခဲ့ပါတယ်။

ပြဿနာက အဲဒီမှာ ရပ်မသွားပါဘူး။ ဇန်နဝါရီ ၁၈ ရက်နေ့မှာတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သား အစုအဖွဲ့က လွှတ်တော် နာယကဆီ စာတစ်စောင် ရေးသားပေးပို့ တောင်းဆိုပါ တယ်။ အဲဒီစာထဲမှာ ခုလို ဖော်ပြထားတဲ့အကြောင်း သူရဦးရွှေမန်းက ဖတ်ပြပါတယ်။ “တပ်မတော်အ ခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးရာတွင် လယ်ယာမြေ သိမ်းဆည်းခံရသူများ၏ လျော်ကြေး ကိစ္စ၊ တပ်မတော် အထည်စက်ရုံများအတွက် ကုန်ကြမ်းစိုက်ပျိုးသည့် တပ်မတော် ဝါစိုက်ပျိုးရေးတပ်နဲ့ တပ်မတော်သားများ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိသော မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်တို့အား သတင်းမှန်သိရှိခြင်းမရှိဘဲ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိပါးပြောဆိုမှုများရှိခဲ့ရာ ပြည်ထောင်စု လွှတ်တော်နာယကက အဖွဲ့အစည်းသိက္ခာကျတဲ့ စကားလုံး တွေ မသုံးပါနဲ့ နောက်ဆုံးအကြိမ် သတိပေးတာပါဟု ထိရောက်စွာ ဟန့်တားခဲ့သည့်အတွက် တပ်မ တော်ကဏ္ဍမှာ ဆက်လက်ဆွေးနွေးခြင်းမရှိပါ၊ ဒေါက်တာအောင်မိုး ညိုရဲ့ ဆွေးနွေးချက်များသည် အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သရေကို ထိခိုက်သော ဖော်ပြချက်များ ပါရှိနေခြင်းကြောင့် နည်းဥပဒေပုဒ်မ ၄၃(ဃ)ကို ဖောက်ဖျက်ကြောင်း သိရှိရပါသည်။ သို့ပါ၍ ဒေါက်တာ အောင်မိုးညိုရဲ့ ဆွေးနွေးချက် များအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ကန့်ကွက်ပါကြောင်းနဲ့ ယင်းဆွေး နွေးခဲ့တဲ့ ကာကွယ်ရေးအခန်းကဏ္ဍနဲ့ ပတ်သက်သည့် ဆွေးနွေးချက်များအား လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးပါရန် တင်ပြအပ်ပါသည်” ဆိုပြီး ကန့်ကွက်တာပါ။ ဒါကို သူရဦးရွှေမန်းက သဘောတူ လိုက်လို့ ဒေါက်တာအောင်မိုးညိုရဲ့ ဆွေးနွေးချက် လွှတ်တော် မှတ်တမ်းထဲမှာ ပါဝင်တော့မှာ မဟုတ် တော့ပါဘူး။

တကယ်တော့ အခုချိန်ဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံး ကြုံကြ ရမယ့် သမိုင်းဝင် အပြောင်းအလဲ အချိန်အခါ တစ်ခုဆီ သွားနေတဲ့ အချိန်ပါ။ ဒီ အသွင်ကူးပြောင်းရေး ကာလဟာ အတော်လေးကို သိမ်မွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှု၊ ခေတ်အဆက်ဆက် စွန့်လွှတ် အနစ်နာခံခဲ့ရသူတွေရဲ့ ပေးဆပ်မှု၊ နိုင်ငံတကာ မိသားစုရဲ့ အားပေးမှု စတဲ့ စတဲ့ အကြောင်းအချက်များစွာ အောက်မှာမှ ဒီလို အခြေအ နေ ပေါ်ပေါက်လာတာပါ။ လွယ်လွယ် ပေါ်ပေါက်လာတာတော့ မဟုတ်ပါဘူး။

ဒီလို အခြေအနေကနေ နောက်ပြန်လှည့်သွားမှာ၊ ဒါမှမဟုတ် တစ်စုံတစ်ခု အပြောင်းအလဲ ဖြစ်သွားမှာကို ဒေါ်အောင်ဆန်းစု ကြည်နဲ့ အင်န်အယ်လ်ဒီရော၊ ပြည်သူတွေရော၊ ပြည်တွင်းပြည်ပက မြန်မာ့ မိတ်ဆွေ နိုင်ငံတွေကရော ဘယ်သူကမှ မလိုလားကြပါဘူး။

အဲလို အခြေအနေမျိုး ဖြစ်မလာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ ကိုယ်တိုင်လည်း သတိကြီးကြီးထားြပြီး လုပ်ငန်းဆောင်တာတွေကို အကောင်အထည် ဖော်နေကြ တာ တွေ့နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံ သူ့ရဲ့ အမတ်တွေ ကိုတောင် အင်တာဗျူးလုပ်ခွင့်၊ မီဒီယာတွေနဲ့ လွတ်လွတ်လပ်လပ် ပြောဆိုခွင့် ပိတ်ပင်ထားတာကိုက အဲဒီ စိုးရိမ်ပူပန်မှု ရှိနေတာကို သိသာစေနိုင်ပါတယ်။

တကယ်တော့ သိပ်မကြာခင် ဖြစ်ပေါ်လာမယ့် အခြေအနေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့ တိုင်းပြည်ကို ပူးတွဲ စီမံခန့်ခွဲခွင့်ရမယ့် အခြေအနေမျိုး ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ တပ်မတော် အရေးအရာ ကိစ္စ၊ လက်နက်ကိုင် တပ်ဖွဲ့တွေ ကိစ္စကလွဲရင် တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး၊ နိုင်ငံတကာ့အရေး အရေးအားလုံးကို စီမံခန့်ခွဲ လုပ်ကိုင်ခွင့်ရမှာပါ။ အရင် စစ်အာဏာရှင်တွေက ဖျက်ဆီးခဲ့လေတော့ မြန်မာနိုင်ငံမှာ ပြုပြင်စရာ၊ တည်ဆောက်စရာ၊ အသစ်လုပ်ကိုင်စရာ ကဏ္ဍအသီးသီးမှာ အများကြီး ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အတွက် တပ်မတော် ခေါင်းဆောင်တွေနဲ့ ပြေပြေလည် လည် ညှိနှိုင်းတိုင်ပင် နိုင်လေလေ၊ ငြိမ်းချမ်းရေးလို ပြသနာက အစ၊ ကျန် စီးပွားရေး၊ ပညာရေး ပြဿနာတွေ အဆုံး အားလုံးကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်မှာပါ။ ဒီလို အခြေအနေမှာ စစ်တပ်ပြုပြင်ပြောင်းလဲရေး၊ စစ်တပ် ကိစ္စတွေကို ရှေ့တန်း မတင်မိဖို့ လိုပါတယ်။ ပြောမယ်၊ ဆိုမယ်၊ ဝေဖန်မယ် ဆိုရင်လည်း စည်းရုံးရေးဆန်သော ဝေဖန်မှုတွေ ဖြစ်ဖို့ လိုပါတယ်။

တကယ်တော့ အင်န်အယ်လ်ဒီတွေ အခြားသော တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေး သမားတွေ သေကြေ၊ ဒါဏ်ရာရ၊ ဒုက္ခသုက္ခ ရောက်ရတယ် ဆိုတဲ့ပြသနာမှာ တပ်မတော်ဟာ တရားခံ မဟုတ်ပါဘူး။ ယုတ်စွအဆုံး တပ်မတော် အရာရှိတွေတောင် တရားခံ မဟုတ်ပါဘူး။ အားလုံးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင် စနစ်ရဲ့ သားကောင် ဖြစ်ခဲ့ကြတာပါ။ ခုဆိုရင် အသွင်ကူးပြောင်းရေးကာလ အဆင်ပြေချောမွေ့စေဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလို လူနဲ့တောင် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသေး တယ်။ သိပ်မကြာခင် လွှတ်တော်အသစ်တွေ စပါတော့မယ်။ အင်န်အယ်လ်ဒီ အမတ်တွေ အများ အပြား လွှတ်တော်ထဲရောက်၊ တိုင်းရေးပြည်ရာ ပြောကြ ဆိုကြပါတော့မယ်။ နောက်ပိုင်း သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးတွေ အစိုးရအဖွဲ့အကြီးအကဲ တွေဖြစ်ပြီး စကားတွေ အများကြီး ပြောကြရပါဦးမယ်။

ဒါကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ပြီး အင်န်အယ်လ်ဒီ အမတ်တွေ အနေနဲ့ အသွင်ကူးပြောင်းရေး အောင်မြင်သွားတဲ့ နိုင်ငံတကာကို လေ့လာပါ၊ ပြည်သူတွေရဲ့ အကျိုး စီးပွားကို အကောင်အထည်ဖော်ပေးဖို့ အာရုံစိုက်ကြပါ၊ ကိုယ့်ကြောင့်၊ နှုတ်ကြောင့်၊ အသွင်ကူးပြောင်း ရေးကို မထိခိုက်ပါစေနဲ့၊ နှုတ်ကြောင့် မသေပါစေနဲ့လို့ မေတ္တာရှေ့ထား၊ အမုန်းခံ တိုက်တွန်းလိုက် ရပါတယ် ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly