ရုရှအား အမေရိကန် ဦးဆောင်သော ဒဏ်ခတ်ပိတ်ဆို့မှု၌ ပူးပေါင်းပါဝင်ရန် အသင့်ရှိဟု ဂျပန် ပြော 

ရုရှအား အမေရိကန် ဦးဆောင်သော ဒဏ်ခတ်ပိတ်ဆို့မှု၌ ပူးပေါင်းပါဝင်ရန် အသင့်ရှိဟု ဂျပန် ပြော 
Photo - REUTERS

ဖေဖော်ဝါရီလ ၂၂ ရက်

ယူကရိန်းအား ကျူးကျော်ရန် သမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးခဲ့လျှင် ရုရှအပေါ် အမေရိကန်နှင့် အခြားသော ဂျီ ၇ စက်မှုနိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လာကြသည့်အခါ၌ ပူးပေါင်းပါဝင်သွားရန် အသင့်ရပ်တည်ထားကြောင်း ဂျပန်နိုင်ငံက အင်္ဂါနေ့တွင် ပြောသည်. 

ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ဒေသနှစ်ခုကို ရုရှက လွတ်လပ်သော နိုင်ငံများအဖြစ် ယခုတွင် အသိအမှတ်ပြုလိုက်ကာ စစ်တပ်များ စေလွှတ်ဖြန့်ကြက်ရန် တနင်္လာနေ့၌ အမိန့်ထုတ်လိုက်ခြင်းနှင့်အတူ ဥရောပ၌ အကျပ်အတည်း နက်ရှိုင်းလာချိန်တွင် ကမ္ဘာ့ နံပါတ် ၃ စီးပွားရေးနိုင်ငံ ဂျပန်နိုင်ငံက အတည်ပြုပြောဆိုလာခြင်းပဲ ဖြစ်သည်။ 

ရုရှ၏ လုပ်ရပ်က “လက်သင့်ခံစရာ မရှိဘဲ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သည်ဟု ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သတင်းထောက်များအား ပြောသည်။ ဂျပန်ဝန်ကြီးချုပ်အနေဖြင့် ပူတင်အား ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် တိုက်တွန်းထားခြင်းလည်း ဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ အပါအဝင် ဖြစ်နိုင်သော ခိုင်မာပြတ်သားသည့် တုံ့ပြန်မှုများအတွက် အသင့်ရှိသည်ဟု ၎င်းက ဆိုသည်။ 

“ယနေ့ ရုရှ၏ ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များကို တုံ့ပြန်ခြင်းအဖြစ်” ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်မည်ဟု အိမ်ဖြူတော်က တနင်္လာနေ့ နှောင်းပိုင်းတွင် ပြောသည်။ 

“ဒီလို ဒဏ်ခတ်ပိတ်ဆို့မှု ကြေညာဖို့အတွက် ကျွန်တော်တို့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေနဲ့အတူ ညှိနှိုင်းနေပါတယ်”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။ 

ခရိုင်းမီးယားကို ရုရှ ကျူးကျော်ခဲ့ချိန် ၂၀၁၄ ခုနှစ်က ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ထပ်မံထည့်သွင်းမည့် ဂျပန်၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များမှာ semiconductor chips နှင့် အခြားသော အဓိက နည်းပညာများကို တားမြစ်ခြင်း၊ ရုရှဘဏ်များကို တင်းကျပ်စွာ စည်းမျဉ်းကန့်သတ်ခြင်းတို့ အပါအဝင် ဖြစ်မည်ဟု Yomiury သတင်းစာက အစောပိုင်းတွင် ဖော်ပြသည်။ 

ဝန်ကြီးချုပ် ကီရှီဒါနှင့် အခြား အစိုးရ တာဝန်ရှိသူများကမူ ရုရှအပေါ် ချမှတ်ရန် ဂျပန်နိုင်ငံက မည်သို့သော ဒဏ်ခတ်ပိတ်ဆို့မှုများကို စဉ်းစားနေသည်ဆိုခြင်းကို ပြောဆိုခဲ့ကြခြင်း မရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required