ဆော်ဒီ-အီရန် သံတမန် အဆက်အသွယ်ဖြတ်တောက်လိုက်၍ ကမ္ဘာ့နိုင်ငံများ စိုးရိမ်မှုများမြင့်တက်နေ

ဆော်ဒီ-အီရန် သံတမန် အဆက်အသွယ်ဖြတ်တောက်လိုက်၍ ကမ္ဘာ့နိုင်ငံများ စိုးရိမ်မှုများမြင့်တက်နေ

တီဟီရန်၊ ဇန်နဝါရီ ၅ ။              ။ အရှေ့အလယ်ပိုင်းတွင် မငြိမ်မသက်ဖြစ်နေစဉ် ဆော်ဒီအာရေဗျနိုင်ငံနှင့် အီရန်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာနေ၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများ အပါအဝင် နိုင်ငံများစွာက စိုးရိမ်ပူပန်ကြောင်း ဇန်နဝါရီ ၄ ရက်၌ ပြသခဲ့သည်။

ဆော်ဒီအာရေဗျတွင် ရှီယိုက် ဘာသာရေးခေါင်းဆောင်အား သေဒဏ်ပေးလိုက်ခြင်းကြောင့် အီရန်၌ ဆန့်ကျင်ကန့်ကွက်မှုများဖြစ်ပြီး တီဟီရန်မြို့တွင်းရှိ ဆော်ဒီသံရုံးကို မီးတင်ရှို့သည်အထိဖြစ် ခဲ့ရာမှ ဆော်ဒီနှင့် ၎င်း၏ မဟာမိတ်များက အီရန်ကို သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျက ရှီယိုက်ဘာသာရေးခေါင်းဆောင် နီမာအယ်နီမာနှင့်အတူ အခြား ၄၆ ဦးကို ဇန်နဝါရီ ၃ ရက်က သေဒဏ်အပြစ်ပေးလိုက်ခြင်းကြောင့် ရှီယိုက်များကြီးစိုးသည့် အီရန်တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေါသထွက်နေသော လူအုပ်ကြီးက တီဟီရန်ရှိ ဆော်ဒီသံရုံးကို ကျောက်ခဲများဖြင့် ထုခြင်း၊ မီးရှို့ခြင်းအပြင် မတ်ဟတ်မြို့ရှိ ကောင်စစ်ဝန်ရုံးကိုလည်း ထိုအတူပင် ပြုလုပ်ခဲ့ကြသည်။

ဇန်နဝါရီ ၃ ရက်တွင် ဆော်ဒီနိုင်ငံက အီရန်အား သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ကာ နိုင်ငံတွင်းက အီရန်သံတမန်များအားလုံး ၄၈ နာရီအတွင်း ထွက်ခွာရန် ပြောဆိုလိုက်သည်။

ဆော်ဒီအာရေဗျက ယင်းသို့လုပ်ဆောင်လိုက်ပြီးနောက် ဆွန်နီမွတ်စလင်အများစုနိုင်ငံများကလည်း ဆော်ဒီနှင့်ပူးပေါင်းကာ ဇန်နဝါရီ ၄ ရက်တွင် အီရန်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခြင်းများ၊ လျှော့ချခြင်းများ လုပ်ဆောင်ခဲ့သည်။

ဘာရိန်းနှင့် ဆူဒန်တို့က အီရန်သည် အာရပ်နိုင်ငံများအရေးအရာတွင် ကြားဝင်စွက်ဖက်ခြင်းဖြစ်ကြောင်း ပြောဆိုလျက် သံတမန်အဆက်အဆံ ဖြတ်တောက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၄ ရက်က ကြေညာသည်။

ထိုပြင် ယူအေအီနိုင်ငံကလည်း အီရန်နှင့် သံတမန်ဆက်ဆံရေး လျှော့ချကာ နိုင်ငံအတွင်း အီရန်သံတမန်ဦးရေကို လျှော့ချရန် ဇန်နဝါရီ ၄ ရက်တွင် ဆုံးဖြတ်ချက်ချလိုက်သည်။

ပြဿနာပွေလီသည့် အရှေ့အလယ်ပိုင်းနိုင်ငံရေးတွင် အဓိကနိုင်ငံများကြား ယခုကဲ့သို့ တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ ကျန်နေရာများ၌လည်း စိုးရိမ်မှုများ ဖြစ်ပွားနေရသည်။

အီရန်နှင့် ဆော်ဒီအာရေဗျနိုင်ငံကြားက ဖြစ်ရပ်များအပေါ် တာဝန်ယူသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် ဥရောပသမဂ္ဂက တိုက်တွန်းသည်။

“ဒေသတွင်းက နိုင်ငံတွေအနေနဲ့ ဒီအကဲဆတ်တဲ့ အနေအထားကို တာဝန်ခံတုံ့ပြန်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”ဟု အီးယူနိုင်ငံခြားရေးရာ အကြီးအကဲ ဖက်ဒီရီကာမိုဂါဟာရီနီ၏ ပြောရေးဆိုခွင့်ရှိသူ ကက်သရင်းရေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြာားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required