အီရန်ဆန္ဒပြသူများ ဆော်ဒီသံရုံးကို မီးတင်ရှို့

အီရန်ဆန္ဒပြသူများ ဆော်ဒီသံရုံးကို မီးတင်ရှို့

တီဟီရန်၊ ဇန်နဝါရီ ၃ ။               ။ ဆော်ဒီအာရေဗျနိုင်ငံတွင် ရှီယိုက်ဘာသာရေးခေါင်းဆောင်အား သေဒဏ်ပေးခြင်းအပေါ် အီရန်နိုင်ငံတွင် စိတ်ဆိုးဒေါသထွက်ကြရာ ဇန်နဝါရီ ၂ ရက် ညပိုင်းက တီဟီရန်မြို့ရှိ ဆော်ဒီသံရုံးကို ဝင်စီးကြပြီး အဆောက်အအုံအား မီးတင်ရှို့ကြသည်။

အကြမ်းဖက်မှုပြစ်မှုဖြင့် ရှီယိုက်ဘာသာရေးခေါင်းဆောင် ရှိတ်နီမာနှင့် အခြား ၄၆ ဦးကို ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက သေဒဏ်ပေးကြောင်း ကြေညာလိုက်ပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားလာခြင်းဖြစ် သည်။

သံရုံးဝင်းအတွင်း ဆန္ဒပြသူများ ချိုးဖောက်ဝင်ရောက်လာရာ ရဲများက ဖြိုခွင်းနေရကြောင်း အစိုးရတစ်ပိုင်း ISNA သတင်းအေဂျင်စီက ဖော်ပြသည်။

သံရုံးအား မွှေနှောက်ဝင်ရောက်ခြင်းကြောင့် ဒေါသထွက်လူအုပ်ကြီးမှ အချို့အား ဖမ်းဆီးထားရသည်ဟု အီရန်ရဲမင်းကြီး ဆာဒါဆာဂျီဒီနီယာက ပြောကြောင်း Tasnim သတင်းဌာနကလည်း ဖော်ပြသည်။

"အခြေအနေဆိုးပါတယ်။ သံရုံးရှေ့ စုရုံးနေသူတွေထဲက တစ်ချို့က ကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ကြတယ်။ အဆောက်အအုံလည်း မီးလောင်ကျွမ်းတယ်။"ဟု ဆာဒါက ပြောကြောင်း ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် အီရန်အရှေ့မြောက်ပိုင်းက မာရှက်မြို့တွင်းရှိ ကောင်စစ်ဝန်ရုံးကိုလည်း ဆန္ဒပြအုပ်စုတစ်စုက မီးရှို့ခဲ့ကြသည်ဟု ဆာဒါက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required