စစ်အာဏာသိမ်းခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံက ကြံ့ခိုင်ရေးပါတီကို ငွေလှူ

စစ်အာဏာသိမ်းခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံက ကြံ့ခိုင်ရေးပါတီကို ငွေလှူ

ဒီဇင်ဘာ ၇

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သားဖြစ်သူ ကိုအောင်ပြည့်စုံက သေဆုံးထိခိုက်ဒဏ်ရာရရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များအတွက် ထောက်ပံ့ငွေလှူဒါန်းကြောင်း ပါတီ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကိုအောင်ပြည့်စုံနှင့် ဇနီးဖြစ်သူ မမျိုးရတနာထိုက်တို့က ဒီဇင်ဘာ ၃ ရက်တွင် ကျပ်သိန်း ၅၀ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ပါတီ၏လူမှုကွန်ရက်မှတဆင့်ထုတ်ပြန်ချက်အရသိရသည်။

Mytel ကုမ္ပဏီ၏အစုရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်ပြီး အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီ၊ စကိုင်းဝမ်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ကာ ကန်သာယာဟိုတယ်၊ အဇူရဟိုတယ်နှင့်အခြားသောစီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျှက်ရှိသော ကိုအောင်ပြည့်စုံကို အမေရိကန်အစိုးရက မတ်လကတည်းက စီးပွားရေးပိတ်ဆို့ရန်သတ်မှတ်ထားခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း Mytel တာဝါတိုင်များ၏ ၈၈ ရာခိုင်နှုန်းဖြစ်သော တာဝါတိုင်ပေါင်း ၄၀၉ ခုကို စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကဖျက်ဆီးခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။

အသက် ၃၇ နှစ်အရွယ် ကိုအောင်ပြည့်စုံသည် အာဏာသိမ်းပြီးနောက်ပိုင်း ဖခင်ဖြစ်သူ စစ်ခေါင်းဆောင်၏ နိုင်ငံရေးအကြံပေးအဖြစ်လည်း အလွတ်သဘောလုပ်ကိုင်နေသည်ဟု ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များအရသိရသည်။

အာဏာသိမ်းခေါင်းဆောင်ကိုပြောင်ပြောင်တင်းတင်းထောက်ခံထားသော အငြိမ်းစားစစ်ဘက်အရာရှိများထူထောင်ထားသော ကြံ့ခိုင်ရေးပါတီ၏ ပါတီဝင်များအနက် စစ်တပ်ကိုသတင်းပေးသည်ဟုစွပ်စွဲခံရကာ သတ်ဖြတ်ခံရမှု အချို့ရှိနေခဲ့ရာက  ​သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို ငွေကြေးထောက်ပံ့မှုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခင်သမ္မတဟောင်းနှင့် ပြည်ခိုင်ဖြိုးပါတီအကြီးအကဲဟောင်း ဦးသိန်းစိန်ကလည်း ထောက်ပံ့ငွေ  ကျပ်သိန်း ၅၀ ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် လှူဒါန်းခဲ့သည်ကိုတွေ့ရသည်။  

ဓာတ်ပုံ- အာဏာသိမ်း စစ်ခေါင်းဆောင်မိသားစုဓာတ်ပုံတွင် ကိုအောင်ပြည့်စုံ (ညာအစွန်)ကိုတွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly