သထုံတွင် ဗုံး ၅ လုံး ဆက်တိုက်ပေါက်ကွဲ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
27 November 2021
သထုံတွင် ဗုံး ၅ လုံး ဆက်တိုက်ပေါက်ကွဲ

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်။

မွန်ပြည်နယ် သထုံမြို့ပေါ် ရပ်ကွက်များတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်အစောပိုင်း အချိန်က ဗုံး ပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သထုံမြို့ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူး နေရာ သုံး နေရာပါအဝင် နေရာ ငါး ခုတွင် ယမန်နေ့ နံနက် ၅ နာရီဝန်းကျင် အချိန်က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးက ဒေသခံတစ်ဦးက "မနက် ၅ နာရီလောက်ရှိမယ်။ ပေါက်ကွဲသံတွေက ဆက်တိုက်ကြားရတယ်။ အကျယ်ကြီးပဲကြားရတယ်။ ဗုံးပေါက်တာတဲ့ လူ ထိခိုက်တာ မရှိ ဘူးလို့လည်း သိရတယ်။ အဲ့ဒီ ပေါက်ကွဲမှုတွေကြောင့် ထင်တယ် အခုတစ်မြို့လုံးမှာ စစ်ဆေးမှုတွေ တင်းကြပ် နေတယ် နေရာတိုင်းမှာ စစ်နေတယ်" ဟု ပြောသည်။

သထုံမြို့ နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် တစ်ကြိမ်၊ ပေါ် တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် တစ်ကြိမ်၊ လိပ်အင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် တစ်ကြိမ်၊ အောက်ကျင်းရပ်ကွက်တွင် တစ်ကြိမ် နှင့် ဘင်လှိုင်ရပ်ကွက်တွင် တစ်ကြိမ် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဥ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဟု ရပ်ကွက်နေသူများ၏ ပြောပြချက်များအရ သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှု များ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဥ်များ ဖြစ်ပွားခဲ့သည့်အပြင် အုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရသည့် ဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

သထုံမြို့အတွင်း ယခုကဲ့သို့သော ဗုံးပေါက်ကွဲမှုများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရမှုများ ဆက်တိုက် ဖြစ်ပွားလာသည့် နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုများလည်း မြို့အတွင်း ပိုမိုတင်းကြပ်စွာ ပြုလုပ်လာနေသည်ဟု ဆိုကြသည်။

ထိုသို့ စစ်ဆေးမှုများအပြင် ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးခြင်း၊ သံသယဖြင့် ရိုက်နှက်ဖမ်းဆီးခြင်းများ ရှိနေသည့် အတွက် ဒေသခံများလည်း လွတ်လပ်စွာ သွားလာခွင့် မရှိပဲ အမြဲစိုးရိမ်ကြောက်လန့်နေရသည်ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required