လေးနိုင်ငံပွဲအတွက် ဗီယက်နမ်၊ စင်ကာပူနှင့် အရှေ့အလယ်ပိုင်း အသင်းတစ်သင်းကို ဖိတ်ကြားမည်

လေးနိုင်ငံပွဲအတွက် ဗီယက်နမ်၊ စင်ကာပူနှင့် အရှေ့အလယ်ပိုင်း အသင်းတစ်သင်းကို ဖိတ်ကြားမည်
လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း။ (ဓာတ်ပုံ- MFF)

ဒီဇင်ဘာ ၂၉၊ ရန်ကုန် ။          ။ မြန်မာ့လက်ရွေးစင်အသင်းအတွက် ၂၀၁၆ ဆူဇူကီးပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ၂၀၁၆ ခုနှစ်တွင် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကျင်းပရန် စီစဉ်လျက်ရှိပြီး ဗီယက်နမ်၊ စင်ကာပူနှင့် အရှေ့အလယ်ပိုင်းဒေသ အသင်းတစ်သင်းတို့ကို ဖိတ်ခေါ်ရန် စီစဉ်ထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

အဆိုပါ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ပြီး လာမည့် ၂၀၁၆ ဇွန်လအတွင်း၌ ကျင်းပမည်ဖြစ်သည်။ “ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲက လုပ်ဖြစ်မှာပါ။ အဓိက အသင်းတွေကို ချိန်နေပါတယ်။ ဗီယက်နမ်၊ စင်ကာပူနဲ့ အရှေ့အလယ်ပိုင်းက အသင်းတစ်သင်းရယ်ကို ဖိတ်ဖို့ စီစဉ်ထားပါတယ်။ ဘယ်အသင်းတွေ အကြောင်းပြန်မလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ လက်ရှိအနေအထားကတော့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်သွားမှာပါ။ လုပ်ဖြစ်ရင် မြန်မာနိုင်ငံမှာ လုပ်မှာပါ။ လောလောဆယ် လျာထားတာကတော့ ဇွန်လအတွင်းမှာပါ။ နှစ်ပွဲမှာ ကစားမှာဖြစ်ပြီးတော့ ဆီမီး လေးသင်း ကစားပြီး နိုင်တဲ့နှစ်သင်း ဗိုလ်လုပွဲကန်မှာပါ ” ဟု ဦးကိုကိုသိန်းက မြန်မာ့လက်ရွေးစင်အသင်း၏ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲနှင့် ပတ်သက်၍ ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲကစားရန် ကျန်ရှိလျက်ရှိပြီး လာမည့် ၂၀၁၆ ဒီဇင်ဘာတွင်လည်း ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပကာ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly