ချစ်သမီးကို ထောင် ၆လ အမိန့်ချလိုက်၊ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ရမရ စောင့်ကြည့်ပြီးမှ အယူခံဝင်မည်

ချစ်သမီးကို ထောင် ၆လ အမိန့်ချလိုက်၊ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ရမရ စောင့်ကြည့်ပြီးမှ အယူခံဝင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ။ ။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နှင့် တရားစွဲဆိုခံထားရသော ချောစန္ဒီထွန်း ခေါ် ချစ်သမီးအား ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် မအူပင်ခရိုင်တရားရုံးက ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခဲ့သည့်အပေါ် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အပေါ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ချောစန္ဒီထွန်း မိခင်ဒေါ်အိစံက မဇ္ဈိမကို ပြောသည်။ 

ချောစန္ဒီထွန်းအား အမိန့်ချမှတ်ရာတွင် ချုပ်ရက်အပါ ထောင်ဒဏ် ၆ လချမှတ်ခဲ့သည့်အတွက် ချောစန္ဒီထွန်းသည် ထောင်ထဲတွင် ရက်ပေါင်း ၃၀ ကျော်သာ နေထိုင်ရန်ကျန်ရှိသည်။ ယင်းကြောင့် အမိန့်ချမှတ်မှုအပေါ် အယူခံဝင် မဝင်စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။

"သမီးက ဒီအမှုစဖြစ်ကတည်းက သူဒီပုံတွေကို တင်တာ မဟုတ်ဘူးလို့ ပြောထားပြီးသား။ အဲဒါကို အခုလို အမိန့်ချတဲ့အတွက်တော့ အန်တီတို့ဘက် ကျေနပ်မှုတော့ မရှိပါဘူး။ အခု ဒီအမှုအတွက် အယူခံ ဝင် မဝင်ကိုတော့ ရှေ့နေနဲ့ တိုင်ပင်မှာပါ။ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ ပါခဲ့ရင်တော့ တစ်မျိုးပေါ့။ '' ဟု ဒေါ်အိစံက ပြောသည်။ 

ချောစန္ဒီထွန်းကို အောက်တိုဘာလအတွင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် သရော်မိသည့်အတွက် ယခုကဲ့သို့  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နှင့် ပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆိုခံထားခံခဲ့ရတာဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပုဒ်မ ၅၀၀ ကို တရားရှင်ပြန်လွှတ်ပေးခြင်း ခံခဲ့ရသည်။ 

"ဒီအမှုကိုတော့ မိသားစုနဲ့ တိုင်ပင်ပြီး အယူခံဝင်သင့် မဝင်သင့် ဆုံးဖြတ်သွားမှာပါ။ အခုလို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီဥပဒေနဲ့ အမိန့်ချတာ ပထမဆုံးပဲ။ နောက်အစိုးရသစ်လက်ထက်မှာတော့ ဒီဥပဒေနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစားပြီး ပယ်ဖျက်သင့်တယ်လို့ မြင်ပါတယ်။'' ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။ 

ချောစန္ဒီထွန်းကို သူ၏ မိသားစုများက လွတ်လပ်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နေကြောင်းလည်း ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required