မွန်ပြည်နယ် ကျိုက်မရောအဝိုင်းအနီးရှိ ရဲကင်း လက်လုပ်မိုင်းဖြင့်ပစ်ခံရ

မွန်ပြည်နယ် ကျိုက်မရောအဝိုင်းအနီးရှိ ရဲကင်း လက်လုပ်မိုင်းဖြင့်ပစ်ခံရ

အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ ကျိုက်မရောအဝိုင်း အနီးရှိ ရဲကင်း(ဂတ်တဲ) အား ယမန်နေ့ (အောက်တိုဘာ ၁၁ရက်) ညနေ ၆နာရီ ၁၀မိနစ်ခန့်က လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခံရပြီး ယင်းဖောက်ခွဲမှုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး(MPDF-V )အဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -မော်လမြိုင် (PDO-MLM ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း MPDF-V အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

"မနေ့ညနေ ၆ နာရီဝန်းကျင်က PDO MLM နဲ့ ကျွန်တော်တို့ MPDF_V တို့ပူးပေါင်းပြီး ပြည်နယ်ရဲဗဟို /ခွဲ ရဲကင်းကို လက်လုပ်ဗုံး တစ်လုံးနဲ့ ပစ်ဖောက် သတိပေးခဲ့ပါတယ်။ ပစ်ပြီးပြီးချင်း ဆိုသလို လမ်းပိတ်ဆို့မှုဖြစ်ခဲ့ပြီး လုံခြုံရေး တင်းကျပ်လိုက်တာကြောင့် ထိခိုက်မှု အတိအကျကိုတော့ ကျွန်တော်တို့ မသိရသေးဘူး။ စုံစမ်းနေတုန်းပဲရှိသေးတယ်" ဟု MPDF-V အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM )လုပ်ဆောင်၍ ပြည်သူဘက်မှ ရပ်တည်လိုသည့် ရဲတပ်ဖွဲ့ဝင်များအား ဖိတ်ခေါ်ပြီး စစ်ကောင်စီအလိုကျ ကြိုးဆွဲရာကနေသော အာဏာရှင်လူတစ်စုအား အချိန်မရွေး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်းလည်း သတိပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၁၀ရက်ကလည်း မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံတိုးချဲ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး အေးမြင့်၏ နေအိမ်အား ယက္ခဒီပ (BLDF) အဖွဲ့နှင့် MPDF-V အဖွဲ့တို့ပူးပေါင်းပြီး ဗုံးဖြင့်ဖောက်ခွဲသတိပေးခဲ့သေးသည်။

MPDF-V အဖွဲ့မှာ ပူးပေါင်းဖောက်ခွဲမှုများအပါအဝင် ဖောက်ခွဲမှုစုစုပေါင်း ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required