နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၆ စက်တင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၆ စက်တင်ဘာ ၂၀၂၁)
(Photo: :CJ - စက်တင်ဘာလ ၂၆ ရက်၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

စက်တင်ဘာလ ၂၆ ရက်

စစ်ကောင်စီ

·       ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးအချို့မှ မြန်မာနိုင်ငံ၌ မြို့နယ်အချို့တွင် အင်တာနက် ဖြတ်တောက်မှုများ ဖြစ်ပေါ် လျက်ရှိ သဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်းကို မမှန်ကန်၊ မရေရာသော အချက်အလက်များ အပေါ်အခြေခံ ၍ ထုတ်လွှင့်သော လူမှုကွန်ယက် စာမျက်နှာရှိ သတင်းများကို ကိုးကား၍ ထုတ်ပြန်နေ သည်ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စွတ်စွဲထားသည်။

·       ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအကြောင်း ပြောဆိုဆွေးနွေးချက်များသည် မျက်ကွယ်တွင် ပြောဆို ဆွေးနွေးခြင်းဖြစ်သော ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ချမှတ်ထားသော လူ့အခွင့်အရေး ယန္တယားများနှင့် ကျင့်ဝတ်ပျက်ပြားသော ကောက်ချက်ချမှုများ ပယ်ချကြောင်း အာဏာလုစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးမှ ထုတ်ပြန်သည်။

·       နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်နှင့်အညီ မြို့တော်အင်္ဂါရပ်ဖြင့်အညီ Green City,Clean City, Smart City မြို့တော်ဖြစ်စေရန် ပြည့်စုံကောင်းမွန်သည့် မြို့ပြစီမံကိန်း ရေးဆွဲနေကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။

·       အဆိုတော် အီတိုးကို ဖောက်ခွဲရေးပစ္စည်းများပြုလုပ်သူများနှင့်စပ်ဆက်၍လည်းကောင်း လူငယ်လေးဦးကို TNLAတွင် ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် လိုက်လံပို့ပေး၍လည်းကောင်း သာကေတ စရဖရုံး ဖောက်ခွဲသူများနှင် ဆက်စပ်သည်ဟု စွတ်စွဲကာ ဖမ်းဆီးထားကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။

·       ရန်ကုန်မြို့တွင် ဆန္ဒပြမှုများနှင့် ဗုံခွဲမှုများပြုလုပ်နေသော မင်္ဂလာတောင်ညွှန့်PDFအဖွဲ့များ ဟုဆိုကာ နိုင်/ကျဉ်း ဟောင်း ဦးရာဂူးနေမြင့်နှင့်အပါအဝင် လူငယ် ၁၇ ဦးကို အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးထား ကြောင်း သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·       စက်တင်ဘာ ၂၅ ရက်ရက်နေ့က ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသော တပ်သား(၁၅) ဦးနှင့် ရဲ(၁၄)ဦးရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

·       စစ်အာဏာရှင်များ ကျူးလွန်ထားသော နက်နဲလာသည့် ရက်စက်ယုတ်မာမှု များအပေါ် ဆက်လက်ပြီး အာရုံစိုက်ပေးကြရန် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက တောင်းဆိုသည်။

·       စစ်ကောင်စီ၏ တရားမဲ့ဆောင်ရွက်မှုများကြောင့် ပြည်သူများ၏ နေအိမ်အဆောက်အဦးများ ပျက်ဆီးဆုံး ရှုံးမှု များအတွက် ပြည်သူ့အစိုးရအပြည့်အဝအာဏာပြန်လည် ရရှိလျှင် တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက် ပေးမည် ဟုNUG ထုတ်ပြန်သည်။

·       အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ၏ (၂၀၂၁ ခုနှစ် ဧပြီလ ၁၆ရက် မှ စက်တင်ဘာလ ၂၀ရက်နေ့ အထိ) လူသားချင်းစာနာထောက် ထားမှု အကူအညီပေးခြင်း အနှစ်ချုပ်ကို ထုတ်ပြန်ထားသည်။

·       နိုင်ငံသူနိုင်ငံသားများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့်ယင်း၏လက်အောက်ခံအဖွဲ့အစည်း အဆင့် ဆင့်၏ တရားမဲ့ပြုမူဆောင်ရွက်ချက်များကို အထောက်အထားများဖြင့်စနစ်တကျမှတ်တမ်းတင်ထားခြင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရလက်အောက်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တရားဝင်ဖွင့်လှစ်ထားရှိသည့် တိုင်တန်းရမည့် နေရာများသို့ သတင်းပေးပို့တိုင်တန်းခြင်းများကို ဆောင်ရွက်ကြပါရန်လည်း အလေးအနက် တိုက်တွန်းထားသည်။

·       အာဏာသိမ်းစစ်ကောင်စီမှ ၂၀၂၁ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် ထပ်မံအသွင်ပြောင်းဖွဲ့စည်း သည့်အိမ် စောင့်အစိုးရအဖွဲ့နှင့် လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်အပါအဝင် ယင်းကောင်စီ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆောင်ရွက်ချက်များသည် လုံးဝ (လုံးဝ) တရားမဝင်ကြောင်း NUG မှ ကြေညာသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အရပ်သုံးကားများဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်သား ၈ ဦးကို ကလေး PDF ၏ မိုင်းဆွဲမှုကြောင့် သေဆုံးသွားကြောင်း ကလေး PDF က သတင်းထုတ်ပြန်သည်။

·       ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့် ပင်လယ်ဘူးမြို့ကို စစ်ကောင်စီဘက်က အင်အားထောင်နှင့်ချီကာ ထိုးစစ်ဆင်နေ၊ PDF များ တစ်နိုင်ငံလုံးစစ်မျက်နှာဖွင့်ပေးကြရန် ပင်လယ်ဘူး PDF တောင်းဆိုသည်။

·       မုံရွာ - အမြင့်လမ်းဘေးရှိ ကျေးရွာများစုပေါင်း ပင်မသပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် မုံရွာလူထုသပိတ် ခေါင်းဆောင် ကိုဝေမိုးနိုင် (ပန်ဒါ)၏ မွေးနေ့ အထိမ်း အမှတ် အဖြစ် အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး ပြည်သူများ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့က ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး ပြည်သူများ ဦးဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မုံရွာတွင် မြို့နယ်အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် "ရဲဘော်ကောင်းဆောင်းဟိဏ်း စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ" အကြမ်း ဖက်စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသရှိ ပြည်သူများသည် စက်တင်ဘာလ ၂၆ ရက် နံနက်တွင် အကြမ်းဖက် လူသတ်စစ်ကောင်စီ အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက် ဆန္ဒပြကြသည်။

·       အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရေး 'ရွှေဝါရောင်စိတ်ဓါတ် ကိုင်စွဲပြီး အဆုံးသတ် တိုက်ပွဲဆင် နွှဲကြ' ခေါင်းစဉ်ဖြင့် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ရှိကျေးရွာများမှ တော်လှန်တက်ကြွ ပြည်သူများ စက်တင်ဘာလ ၂၆ ရက် နံနက်တွင် စုပေါင်းချီတက်ဆန္ဒပြကြသည်။

·       အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ထောက်ခံကြိုဆိုရေး စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျေးရွာ ၁ ရွာရှိ တော်လှန်တက်ကြွပြည်သူများသည် စက်တင်ဘာလ ၂၆ ရက် နံနက်တွင် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အရပ်သုံးကားများဖြင့် သွားလာနေသော အကြမ်းဖက်စစ်ကောင်စီ တပ်သား ၈ ဦးကို ကလေး PDF ၏ မိုင်းဆွဲမှုကြောင့် သေဆုံးသွားကြောင်း ကလေး PDF က သတင်းထုတ် ပြန်သည်။

·       ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု ဒွမ်ဘန်ကျေးရွာတွင် ယနေ့နံနက် ၈ နာရီခန့်က စစ်‌ကောင်စီတပ်သည် စစ်ကြောင်းတက်လာသော လမ်းတစ်လျောက်၌ ရမ်းသမ်းပစ်ခတ်မှုများပြု လုပ်နေကြောင်းသိရသည်။

·       မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း နယ်ခြားစောင့်တပ် BGF အဖွဲ့က အမျိုးသမီးနှင့် ကလေးငယ်များအပါ အဝင် ရွာသားများကို ပေါ်တာဆွဲ၍ စစ်သုံးပစ္စည်းများ သယ်ယူရာတွင် အဓမ္မခိုင်းစေမှုများပြုလုပ်ရုံသာ မက စစ်ကြောင်း ထွက်ရာတွင် လူသားဒိုင်းအဖြစ်ပါ အသုံးပြုနေသည်ဟု ဒေသ ခံများက ပြောသည်။

·       ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် စျစျေးလမ်းဆုံအနီးတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၃နာရီခန့်က အရပ်ဝတ်ဖြင့် ပြည်သူများကြား ထောက်လှမ်းရေးလုပ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရသိရသည်။

·       ရန်ကုန် တောင်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး "ပြည်သူ့ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ကျရှုံးရေး" ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       လူထုညီညွတ်မှု၊ အနစ်နာခံမှု များဖြင့် တိုက်ပွဲဆက်လက်ဖော်ဆောင်ရန် 'ရွှေဝါရောင်စိတ်ဓါတ်ကိုင်စွဲပြီး အဆုံးသတ်တိုက်ပွဲဝင်ကြ' ခေါင်းစဉ်ဖြင့် ရန်ကုန်ရှိ တော်လှန်တက်ကြွ ကျောင်းသားလူငယ်များမှ စက်တင်ဘာလ ၂၆ ရက် ယနေ့နံနက်တွင် ချီတက်ဆန္ဒပြကြသည်။

·       ထားဝယ်မြို့ပေါ်တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ယနေ့ စက်တင်ဘာလ ၂၆ရက်နေ့က "ရွှေဝါရောင်စိတ်ဓာတ် ကိုင်စွဲပြီး အဆုံးသတ်တိုက်ပွဲဝင်ကြ" ကြွေးကြော်သံများဖြင့် ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး ကျောင်းသား လူငယ်များ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ  စက်တင်ဘာလ ၂၅ ရက်နေ့တွင် ရွှေဝါရောင် တော်လှန်ရေး ၁၄နှစ်ပြည့် အဖြစ် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန်ည သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       မန္တလေးတိုင်း၊ မြင်းခြံမြို့၌ ယနေ့နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးခန့်သေဆုံးကြောင်း မြို့ခံတစ်ဦးက ပြောသည်။

·       အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ကျဆုံးရေးအတွက် မြိုင်မြို့နယ်အတွင်းရှိ တော်လှန်ပြည်သူ များသည် စက်တင်ဘာလ ၂၆ ရက် နံနက်တွင် ဆိုင်ကယ်သပိတ်ဖြင့်လှည့်လည်ကာ ချီတက်ဆန္ဒပြကြသည်။

·       ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကန့်သာရုံအုပ်စု ရဲလောင်းပန်းကျေးရွာနှင့် ကန်းလောင်းကျေးရွာ အောက် (လေယာဉ်ကွင်း စတင်ဆောက်လုပ်သည့် နေရာ)တွင် အညာကတင်းကျေးရွာ စစ်ဘေးရှောင် စခန်းက အိမ်သို့ပစ္စည်းယူရန် ပြန်လာသော ပြည်သူ (၉) ဦးကို  စက်တင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးကာ ၂ဦးကို ပစ်သတ်လိုက်ကြောင်း CDF ကန်ပက်လက် ထုတ်ပြန်ချက် အရ သိရသည်။

·       ယမန်နေ့က ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲနှင့် ကုန်းသာကျေးရွာများအတွင်း တပ်စွဲပြီး အဆိုပါကျေးရွာများရှိ အများပြည်သူနေအိမ် များအား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

·       သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးကွက်ရွာတွင် RCSS နှင့် တပ်ပေါင်းစု SSPP, TNLA တို့သည် စက်တင်ဘာ ၂၆ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာတွင်းရှိ နေအိမ် ၃ အိမ် မီးရှို့ခံရပြီး ၂ အိမ် မီးလောင်ပြာကျသွားကြောင်း သိရသည်။

·       ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုပြည်နယ်၊ ကျောက်ဆည်ကန်ရွာအနီး အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားသောတိုက်ပွဲများတွင် လွိုင်ကော်ပြည်သူ့ကာကွယ်ရေး တပ်သား မောင်ပါစ္စကွားလယ် (ခ) ခိုးခို ကျဆုံးခဲ့ကြောင်း လွိုင်ကော် PDF မှ သတင်းထုတ်ပြန်သည်။

·       တနိုင်းဘက်ကို ဦးတည်ကာ တက်လာသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ခွမ်ဆိုင်ယန်နှင့် ဒွမ်ဘန်ကျေးရွာ ၂ခုကြားတွင် ယနေ့နံနက် ၈နာရီဝန်းကျင်က ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

·       ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ်ဟူးကျေးရွာနှင့် မန်ဒေါင်ကြားတွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီ တပ်တို့ကြား ယနေ့ စက်တင်ဘာ ၂၆ရက်နေ့ မနက် ၉:၃၀ အချိန်ခန့်မှစတင်ပြီး တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်တွင် KIA နှင့် ဒေသခံ PDF အဖွဲ့များ၏ အပြင်းအထန်ခုခံ တိုက်ခိုက် မှုကို ရင်ဆိုင်နေရသဖြင့် စစ်ကောင်စီက လေကြောင်းအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်။

·       မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေး-ထုံးဘိုကြီးကျေးရွာအနီးတဝိုက်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့ အချင်းချင်းမှား ယွင်းပစ်ခတ်ပြီး ၂၀ ဦး သေဆုံးသွားကြောင်း KNU တပ်မဟာ ၁ ထံမှ သတင်းရရှိသည်။

·       ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရေးမြို့နယ်) တောင်စွန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းမှ ယမန်နေ့ညနှင့် ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် လက်နက်ငယ်များဖြင့် တဖက်သတ် ရမ်းသန်းပစ်ခတ်နေကြောင်း KNU ဒူးပလာယာ ခရိုင်မှ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၆ သုံးသပ်ချက်

·       စစ်ကောင်စီမှ နိုင်ငံအတွင်းမှ ရှိသည့် သံရုံးများ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သတိပေးထုတ် ပြန်ချက် များ ကြေညာနေသည်။ယင်းအပြင် ကုလတွင် အမျိုးသားညီညွှတ်ရေးအစိုးရကို ထောက်ခံသည့် နိုင်ငံ များကိုလည်း ပြစ်တင်ဝေဖန်နေသည်ကို တွေ့ရသည်။တဖက်တွင်လည်း NUG အစိုးရမှ နိုင်ငံတကာ နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

·       စစ်ကောင်စီအနေဖြင့် သံခင်းတမန်ခင်းတွင် အကျပ်စိုက်နေသလို့ မြန်မာနိုင်ငံအထက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး အထိနာနေသည်ကို တွေ့ရသည်။

·       စစ်ကိုင်းအထက်ပိုင်းတွင် KIA ဦးဆောင်လမ်းညွှန်မှုဖြင့် PDF ပူးပေါင်းအဖွဲ့များ လက်စွမ်းပြနေ၍ ယင်းနေရာတွင် အင်တာနက် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး အင်အားဖြည့်ထားပြီး လေယာဉ်များ ဖြင့်ပါ တိုက်ခိုက်နေရသည်။ယင်းအပြင် ချင်းပြည်နယ်ကိုပါ အင်အားအပြည့်ဖြင့် နှစ်ပတ်အတွင်း သိမ်းမည်ဟု စစ်လော်ဘီများမှ အွန်လိုင်းတွင် ရေးသားလာသော်လည်း တကယ်တမ်းမြေပြင်တွင် ထင်သလောက်မလွယ်ကူချေ။

·       ကချင်နှင့်ရှမ်းမြောက်တွင်လည်း ပြင်းထန်စွာတိုက်ပွဲဖြစ်နေသလို ကယားနှင့်ကရင်တွင်လည်း တိုက်ပွဲများ ဖြစ်နေသည်။

·       စစ်ကိုင်းတွင် တိုက်ပွဲများဖြစ်နေသလို တခြားမြို့များတွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် ရှိနေသည်။မန္တလေး၊မကွေး၊ရန်ကုန်၊ထားဝယ်၊တို့တွင် ဆန္ဒပြမှုများရှိသလို စစ်ကောင်စီ ဒေါက်တိုင် ဒလန်ရှင်းလင်းရေးနှင့် ပျောက်ကြားတော်လှန်ရေးများ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly