ခရိုင်ရဲစခန်းကို PDFက ဝင်ရောက်စီးနင်းရာ ရဲအချို့ဒဏ်ရာရ

ခရိုင်ရဲစခန်းကို PDFက ဝင်ရောက်စီးနင်းရာ ရဲအချို့ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊  မင်းဘူး(စကု)မြို့နယ် ခရိုင်ရဲစခန်းအား ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ရဲအချို့ ဒဏ်ရာရရှိသွားခဲ့သည်။

ယမန်နေ့ (ဩဂုတ် ၂၇ ရက်) ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မင်းဘူး(စကု) ပြည်သူ့ကာကွယ်ရေးတပ်၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။ 

“ ညပိုင်းစခန်းထဲကို ဗုံးနှစ်လုံးနဲ့ပစ်လိုက်တာ တစ်လုံးကွဲတယ်။  ဗုံးက လက်လုပ်ဗုံးမဟုတ်ပါဘူး။  အစစ်ပါ။ ဗုံးကွဲတော့ စခန်းထဲက သေနတ်တွေနဲ့ရမ်းပြီးတော့ ပစ်တယ်။ ကျွန်တော်တို့လဲ နေရာယူထားတဲ့နေရာက ပြန်ပစ်ပြီး ဆုတ်ခွာခဲ့တာပါ။ ကျွန်တော်တို့ဘက်မှာတော့ ထိခိုက်မှုမရှိပါဘူး။ ရဲစခန်းနဲ့ နီးစပ်သူတွေပြောတာတော့ သူတို့ဘက်မှာထိခိုက်သူရှိတယ်လို့ကြားတယ်” ဟု ပြန်ကြားရေး တာဝန်ခံကဆိုသည်။ 

မင်းဘူး(စကု) မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ယခုရက်ပိုင်းအတွင်း အင်အားတိုးချဲ့ပြီး ပြည်သူများထံက ငွေတောင်းခြင်း၊ ရှာဖွေစစ်ဆေးဖမ်းဆီးခြင်းများ မကြာခဏ ပြုလုပ်လာကြောင်းသိရသည်။ 

ထို့ကြောင့် မင်းဘူးမြို့ပေါ်ရှိ အမှတ်(၄) ရပ်ကွက် ခရိုင်ရဲစခန်းအား ဝင်ရောက်ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကဆိုသည်။ 

ယနေ့ (ဩဂုတ်လ ၂၈ ရက်) မနက်ပိုင်းတွင် မင်းဘူးမြို့ အထက (၁) စာသင်ကျောင်းဝန်း အတွင်းသို့ အကြမ်းဖက်စစ်တပ်က စစ်ကားအသေး နှစ်စီး၊ အိမ်စီးကား လေးစီးဖြင့်ဝင်ရောက်ကာ တပ်စွဲရန် ပြင်ဆင်နေကြောင်း သိရသည်။ 

မင်းဘူး(စကု) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် နောက်ပိုင်းတွင် တိုက်ပွဲများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု သိရပြီး ပြည်သူလူထုဘက်မှလည်း ပြင်ဆင်စရာများ ပြင်ဆင်ထားစေလိုကြောင်း သတင်းစကားပါးလိုက်သည်။ 

“ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့လုပ်မယ့် အရာတွေလည်းရှိတယ်။ စစ်ကောင်စီဘက်ကလဲပြင်ဆင်နေကြတော့ တိုက်ပွဲတွေပြင်းထန်လာဖို့ရှိတယ်။ ဒါကြောင့်ပြည်သူတွေဘက်ကလည်း ရိက္ခာကအစ ပြင်ဆင်ထားဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကဆိုသည်။ 

မကွေးတိုင်းဒေသကြီးရှိ   ၂၅  မြို့နယ်တွင် မင်းဘူးမြို့ နှင့် စကုမြို့ တို့အတွက်  မြို့နယ်ရုံး တစ်ရုံးသာ သတ်မှတ်ထားသောကြောင့် မြို့နယ်အမည်ကို ခေါ်ဝေါ်ရာတွင် မင်းဘူး(စကု) မြို့နယ်ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။ တရားဝင်အမည်မှာ မင်းဘူးမြို့နယ်ဖြစ်သည်။ မင်းဘူးမြို့ နှင့် စကုမြို့ တို့မှာ ၁၀ မိုင်ခန့် ကွာဝေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required