ချောင်းနှစ်ခွသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၁၃ ဦး သေဆုံး

By YT(မဇ္ဈိမ)
29 November 2023
ချောင်းနှစ်ခွသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၁၃ ဦး သေဆုံး
ဓါတ်ပုံ- နဂါးနီစစ်ကြောင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းသည် တော်လှန်ရေးအင်အားစုများ​၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံရပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်း​၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် တောင်ကလေးကျေးရွာရှိ စစ်ကောင်စီစခန်းမှ ချောင်းနှစ်ခွသို့ စစ်ကူလာသည့် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းသည် ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာနှင့် ကျောက်ကွဲကျေးရွာကြားတွင် တော်လှန်ရေးအင်အားစုများ​၏ ကြားဖြတ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

" မုဒုံကနေ စထွက်လာတာက အင်အား ရာဂဏာန်းရှိပါတယ်။ စစ်ကြောင်းတိုးလာတာက ၁၀၀ နီးပါးပါ။ တိုက်ပွဲက တောင်ကလေးရွာ နဲ့ ကျောက်ကွဲရွာ ကြားမှာ ဖြစ်တာပါ။ update အနေနဲ့ စစ်ကောင်စီဘက်က စုစုပေါင်း ၁၃ ယောက် ကျပါတယ်" ဟု နဂါးနီစစ်ကြောင်း ဒု- စစ်ကြောင်းမှူးက မဇ္ဈိမကိုပြောသည်။

 ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲလေးနာရီကြာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းဘက်မှ ဗိုလ်ကြီးတဦး၊ BGF တပ်နယ် (၄)မှ စစ်ကြောင်းမှူး ဗိုလ်မှူးနော်တယာ အပါအဝင် ၁၃ ဦး သေဆုံး၍ စစ်ကောင်စီတပ်စစ်ကြောင်း ပိုင်ဆိုင်သည့် လက်နက် ၁၅ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းမှ စစ်ကောင်စီတပ်သား လေးဦး KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချ၍ အလင်းဝင်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းထံက သိရသည်။

စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတွင် စစ်ကောင်စီ တပ်မ (၂၂)၊ တပ်မ (၄၄)တို့မှ စစ်ကောင်စီတပ်သားများ၊ အမှတ် (၂) တန်းမြင့်လေ့ကျင့်ရေးမှ သင်တန်းသားများ၊ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) စသည်တို့ ပါဝင်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၆)၊ နဂါးနီစစ်ကြောင်း၊ Federal Wings တပ်ဖွဲ့ တို့ ပါဝင်ကြောင်း သိရသည်။

ချောင်းနှစ်ခွဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ၁၈ ရက်ကြာ စစ်ကောင်စီတပ်နှင့် တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးများလည်း ရှိနေကြောင်းသိရသည်။

ထို့ပြင် အဆိုပါ တိုက်ပွဲများအတွင်း အတ္ထရံတံတား (ချောင်းနှစ်ခွ) သည်လည်း ဖျက်ဆီးခံခဲ့ရပြီး တောင်ကလေး၊ ကျောက်ကွဲ၊ လှကဇိုင်း၊ မယ်တရို၊ ဖက်တေးကုန်း၊ ချောင်းနှစ်ခွစသည့် ကျေးရွာများမှ ဒေသခံများ ၁၈ ရက်ကြာသည်အထိ စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူနှင့် မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly