စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသူ သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသူ သေနတ်ဖြင့် ပစ်သတ်ခံရ

ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်ရှိ ဦးကျားကြီး လက်ဖက်ရည် ဆိုင်ပိုင်ရှင် လင်မယား နှစ်ဦးသည် ယနေ့ သြဂုတ် ၁၁ ရက် နံနက် ၆နာရီ ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခံရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူ တစ်ချို့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခံရခြင်းကြောင့် အမျိုးသားဖြစ်သူ ဦးလှမျိုးအောင် အသက်သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူကို ဆေးရုံသို့ပို့ဆောင်ပေးထား ကြောင်းသိရသည်။

“မနက် ၆နာရီ ဝန်းကျင်လောက်ဖြစ်မယ်။ ပစ်တဲ့လူက ဆိုင်မှာ ပိုက်ဆံရှင်းအပြီး ယောင်္ကျားဖြစ်သူက လှည့်အထွက် ပစ်လိုက်တာ ၄ ချက် ၅ ချက်လောက်ရှိမယ်။ သူမိန်းမလည်း ၁ချက် အပစ်ခံရတယ် " ဟုရပ်ကွက်အတွင်း‌ နေထိုင်သူတစ်ဦးမှ ပြောသည်။

သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးသူသည် ‌၅၄ရပ်ကွက် အတွင်းရှိ ရပ်ကွက်ရုံး မီးရှို့ခံရစဉ်က စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးခဲ့ကြောင်း၊ ရပ်ကွက်အတွင်းရှိ ရပ်ကွက်သူ ရပ်ကွက်သားများနှင့် အဆင်ပြေပြေ နေထိုင်သည့် မိသားစုဝင် မဟုတ်ကြောင်း ရပ်ကွက်နေသူတစ်ချို့က မှတ်ချက်ပြုထားကြပါသည်။

လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၅၄ ရပ်ကွက်၊ ၅၇ ရပ်ကွက် ၊ ၅၃ ရပ်ကွက် တို့တွင် စစ်ဆေး မေးမြန်းလျက်ရှိနေကြောင်း ရပ်ကွက်နေသူတစ်ချို့မှဆိုသည်။

ပြီးသည့် ရက်ပိုင်းအတွင်းကလည်း ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခံခဲ့ရပြီး ၅၃ ရပ်ကွက် အုပ်ချုပ်ရေးရုံးအတွင်း သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားသည့် အခြေအနေရှိခဲ့ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required