အမျိုးသမီးတွေရဲ့ နိုင်ငံရေးရေချိန်မြင့်တက်မှုကြောင့် တော်လှန်ရေးမျိုးဆက်သစ်တွေပေါ်ထွန်းတော့မှာလား

By ဇော်နွေဦး
14 July 2021
အမျိုးသမီးတွေရဲ့ နိုင်ငံရေးရေချိန်မြင့်တက်မှုကြောင့် တော်လှန်ရေးမျိုးဆက်သစ်တွေပေါ်ထွန်းတော့မှာလား

ဇူလိုင် ၁၄

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံက အာဏာကိုသိမ်းယူကာ  တစ်နိုင်ငံလုံးကိုသိမ်းပိုက်လိုက်ပါတယ်။ ဒီအချိန်မှာ နိုင်ငံအတွင်းက အမျိုးသားတွေ နဲ့တန်းတူ အမျိုးသမီးတွေဟာလည်း တက်တက်ကြွကြွနဲ့ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လမ်းမတွေပေါ် ထွက်လာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်ကိုကြည့်မယ်ဆိုရင်လဲ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးကောက်ခံကာ အနိုင်ရရှိခဲ့တဲ့အမျိုးသမီးဦးရေဟာ ၆ ရာခိုင်နှုန်းကနေ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ၁၃.၇ ရာခိုင်နှုန်းထိ နှစ်ဆနီးပါးထိမြင့်တက်ခဲ့ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ အနိုင်ရ အမျိုးသမီး အမတ်လောင်းတွေရဲ့ ရာခိုင်နှုန်းဟာ ၂၀၁၅ခုနှစ်ကထက် ပိုများလာတယ်လို့လဲ သတင်းတွေအရ သိရပါတယ်။

ဒါဟာနိုင်ငံရေးအရ အမျိုးသမီးတွေရဲ့ပါဝင်မှုဟာ အားရစရာအနေအထားတစ်ခုကနေ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအရ ပါဝင်လာမှုဟာ ပိုပြီးတော့အားကောင်းလာပါတယ်။

"အရင်တုန်းကတော့ နိုင်ငံရေးဆိုတာကို လွှတ်တော်တွင်း ဝင်ရောက်ဆောင်ရွက်မှုတွေ၊ နိုင်ငံစီမံအုပ်ချုပ်မှုတွေမှာပဲ ကျွန်မတို့က သတ်မှတ်ခဲ့ကြပေမယ့် အခုချိန်က တော်လှန်ရေးကာလဖြစ်တဲ့အတွက် တော်လှန်ရေးမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ်တိုင်မပါဝင်နိုင်တာတောင် နောက်ကွယ်ကနေ ပံ့ပိုးကူညီပေးတာတွေက ခုချိန်မှာ နိုင်ငံရေးလုပ်တာဖြစ်တဲ့အတွက် ဒီလိုကိစ္စတွေမှာလဲ အမျိုးသမီးတွေဟာ အရင်ထက်ပိုပြီး တက်တက်ကြွကြွနဲ့ အကြောက်တရားနည်းစွာ ပါဝင်နေကြတာကို တွေ့ရတယ်လို့" အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မခင်လေးကပြောပါတယ်။

အခုလိုအမျိုးသမီးတွေနိုင်ငံရေးအရပါဝင်မှုနဲ့ ခေါင်းဆောင်မှုဟာ သူ့ဘဝတစ်လျှောက်လုံးသာမက  မြန်မာ နိုင်ငံသမိုင်းမှာလဲ မြင်တွေ့ဖူးသမျှထဲမှာ အားအကောင်းဆုံးဖြစ်တယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှား သူ ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

"ကျွန်မတို့နိုင်ငံက စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ပြီးပြီ။ နောက်ထပ် စစ်အာဏာရှင်ရဲ့အောက်မှာ ကိုယ့်ရဲ့သားမြေးမြစ်တွေ၊ နောက်လာမည့်မျိုးဆက်တွေ ဆက်ပြီးတော့ ဖိနှိပ်ချုပ်ချယ်မခံရဖို့ သူတို့ရဲ့အခွင့်အရေးတွေမဆုံးရှုံးဖို့အတွက် ဒါဟာ လူထုလူတန်းစားတစ်ရပ်လုံး ပါဝင်ပြီးတော့ အားဖြည့်တွန်းလှန်ရမယ့်တော်လှန်ရေးဖြစ်တယ်လို့ အမျိုးသမီးတွေက ခိုင်ခိုင်မာမာယုံကြည်နေတာကြောင့်ဖြစ်တယ်လို့" ဒေါ်မေစပယ်ဖြူကပြောပါတယ်။

အမျိုးသမီးတွေတော်လှန်ရေးမှာပါဝင်အောင်ဘာတွေကစေ့ဆော်သလဲ

စစ်အာဏာသိမ်းမှုကြီးဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ လူထုဆန္ဒပြပွဲကြီးတစ်ခု စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

အဲ့ဒီဆန္ဒပြပွဲကိုဦးဆောင်ခဲ့တဲ့သူတွေက လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဒုဝန်ကြီး မအိသဉ္ဇာမောင် နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မအက်စတာဇေနောတို့ပဲဖြစ်ပါတယ်။

မအက်စတာဇေနောဟာ မအိသဉ္ဇာမောင်နဲ့ သူငယ်ချင်းတွေဖြစ်သလို သူတို့ဟာ ၂၀၁၆ခုနှစ်ကတည်းက တိုင်းရင်းသားအရေး၊ အဖိနှိပ်ခံအရေး ငြိမ်းချမ်းရေး၊ စစ်ဘေးရှောင်အရေးတွေနဲ့ အတူတကွအမြဲတမ်းတိုင်ပင်ပြီးတော့မှလှုပ်ရှားခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေဖြစ်ပါတယ်။

"လူထုတော်လှန်သပိတ်စတင်ဖို့ ဘယ်ဟာတွေက တွန်းအားဖြစ်စေသလဲဆိုတော့ ဒီဆယ်စုနှစ်ပေါင်းများစွာ စစ်ဖိနပ်အောက်မှာပြားပြားဝပ်နေရတဲ့ဘဝတွေက ကျွန်မတို့အတွက် တွန်းအားဖြစ်စေတာပါပဲ။ တကယ်တမ်းမှာ ကြားကာလ အန်အယ်ဒီအစိုးရလက်ထက်မှာလည်း ကျွန်မတို့ကချင်ဒေသမှာ မငြိမ်းချမ်းနိုင်ခဲ့ဘူး။ သေနတ်သံတွေလည်းမြည်နေခဲ့တယ်။ ဒီအတွက်ကြောင့်မို့ အခုလိုမျိုး စစ်အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ကိစ္စက သိပ်တော့ဆန်းကြယ်တဲ့အရာမဟုတ်ဘူးပေါ့လေ။ အရင်ကလုပ်ရိုးလုပ်စဉ်ကိုပိုပြီးတော့မှာ Riskများများယူပြီးလုပ်ရတယ်လို့ပဲဆိုရမှာပါ" ဟု ၎င်းကဆိုသည်။

ဒီတော်လှန်ရေးမှာ ဝါရင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတွေ၊ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေအပြင် အရင်က နိုင်ငံရေးအကြောင်း သိပ်နားမလည်တဲ့ ဆယ်ကျော်သက်အမျိုးသမီးတွေကလည်း ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။

"ပါဝင်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ကိုယ့်စိတ်နဲ့ကိုယ်ပါပဲ။ စစ်အစိုးရဲ့ အာဏာအလွဲသုံးစားလုပ်တာတွေ မတရားသဖြင့် အုပ်ချုပ်နေတာတွေကို မကြိုက်လို့ပါပဲ။ နိုင်ငံရေးက ဒီ Coup ဖြစ်မှပဲ စိတ်ဝင်စားမိတာပါ။ အရင်က ကိုယ်နဲ့ မဆိုင်သလိုပဲ နေခဲ့တာပါ။ အခုထိလည်း နားမလည်တာတွေ သင်ယူရမှာတွေ အများကြီးပါ။ လက်လှမ်းမီသလောက်တော့ လေ့လာနေပါတယ်။" လို့ သပိတ်တွေနဲ့ မြို့ပြပြောက်ကျားသပိတ်တွေမှာပါဝင်ခဲ့တဲ့ အမည်မဖော်လိုသူအမျိုးသမီးငယ်လေးတစ်ဦးကပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေး နှင့် အမျိုးသမီးများ ပါဝင်ခွင့်

၂၀၂၁ခုနှစ် မတ်လတွင်းမှာတော့ အာဏာသိမ်းစစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေစတင်ပြုလုပ်လာကြပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို မခံမရပ်ဖြစ်လာကြတဲ့ လူငယ်အချို့ဟာ လက်နက်ကိုင်ပြန်တော်လှန်ဖို့ လွတ်မြောက်နယ်မြေတွေမှာ စစ်ရေးသင်တန်းတွေကို လေ့ကျင့်ဖို့ တောခိုလာကြပါတော့တယ်။ အဲဒီလိုတောခိုလာတဲ့လူငယ်တွေထဲမှာလည်း အမျိုးသမီးတွေတော်တော်များများလည်းပါဝင်နေပါတယ်။

အခုလိုအမျိုးသမီးတွေ တောခိုကာ လက်နက်ကိုင်တော်လှန်ဖို့ပြုလုပ်ကြတာဟာ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကြီးမှာလည်း ရှိခဲ့ပါတယ်။

 အဲဒီသူတွေထဲကမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)ရဲ့ ဗဟိုဦးဆောင်ကော်မတီမှ ရဲဘော်မိဆူးပွင့်ကတော့ "အမျိုးသမီးတွေလက်နက်ကိုင်တော်လှန်ရေး လုပ်ကြတဲ့ အပေါ် အမြင်သဘောထားအမျိုးမျိုးရှိကြတဲ့အတွက် အမျိုးသမီးတွေဟာ အမျိုးသားများလိုပဲ ခံယူချက်၊ ယုံကြည်ချက်အရမှာ မပိုရင်တောင် မလျော့ကြောင်း သက်သေပြကြရပါတယ်။ ကိုယ့်အတွက် တော်လှန်ရေးကြီးက ဝန်မပိအောင်လည်း ကြိုးစားရသလို အမျိုးသားတွေထက် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ပိုပင်ပန်းမှုရှိပါတယ်။ ကျွန်မတို့တို့ ABSDF မှာတော့ ရှေ့တန်းထွက်တိုက်ပွဲဝင်ဖို့ အမျိုးသမီ:ရဲဘော်တွေဟာ ကိုယ့်တပ်ထဲမှာအရင် တိုက်ပွဲဝင်ကြရတာလည်းရှိပါတယ်။ ဒါကြောင့် အချို့တပ်ရင်းတွေမှာ အမျိုးသမီးတွေဟာ ဆက်သွယ်ရေး တပ်သားတွေ၊ ဆေးတပ်သားတွေအဖြစ် ယောကျ်ားတွေနဲ့တန်းတူ တာဝန်  ထမ်းဆောင်ခွင့်ရကြပါတယ်။" လို့ပြောပါတယ်။

တော်လှန်ရေးကြောင့် အမျိုးသမီးတွေနိုင်ငံရေးထဲ စိတ်ပါလာသလိုပဲ၊ ဒီအမျိုးသမီးတွေကို နိုင်ငံရေးသမားကောင်း၊နိုင်ငံခေါင်းဆောင်ကောင်းတွေဖြစ်လာဖို့က ဒီတော်လှန်ရေးက သင်ကြားပေးသွား မှာဖြစ်တယ်လို့ မိဆူးပွင့်က ပြောပါတယ်။

နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုပိုပြီးအားကောင်းလာတာဟာ ဒီမိုကရေစီနည်းလမ်းတကျ လူတိုင်းတန်းတူညီမျှဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ဖို့အတွက် များစွာအထောက်အကူဖြစ်စေသလို ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ တွန်းအားတစ်ခုဖြစ်စေတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မေစပယ်ဖြူကပြောပါတယ်။

အမျိုးသမီးနိုင်ငံရေးဦးဆောင်မှုစိန်ခေါ်ချက်များ

မြန်မာနိုင်ငံဟာ ၁၉၉၅ခုနှစ်က အမျိုးသမီးများအပေါ်ခွဲခြားမှုအားလုံးပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ အမျိုးသမီးတွေ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ ၃၀ရာခိုင်နှုန်းပါဝင်ဖို့ကို ဘေဂျင်းမဟာဗျူဟာစီမံကိန်းမှာလည်း သဘောတူလက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါပမာဏအတိ ပါဝင်နိုင်ဖို့က စိန်ခေါ်မှုတွေရှိနေတုန်းပဲလို့ ဒေါ်မေစပယ်ဖြူရဲ့ပြောပြချက်အရ သိရပါတယ်။

"တကယ့်လက်တွေ့မှာ ခေါင်းဆောင်နိုင်တဲ့နေရာတွေ၊ ဆုံးဖြတ်ချက်ချရမယ့်နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့အတွက် စဉ်းစားမှုတွေမှာ အမျိုးသားတွေကိုပဲ ဦးတည်စဉ်းစားလေ့ရှိကြတယ်။ ဒီနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ တန်းတူပါဝင်ခွင့်တို့၊ ကျားမ တန်းတူညီမျှမှုတို့ကို ပြောကြထောက်ပြကြလွန်းလို့သာ အမျိုးသမီးမပါလို့တော့မဖြစ်ဘူး ပါရမှဖြစ်မယ်ဆိုတဲ့အတွေးမျိုးတွေနဲ့ အမျိုးသမီးတွေကို ထည့်သွင်းလာကြ ပေမယ့်လည်း အမျိုးသမီးတွေပါဝင်မှသာ တရားဝင်မှုရှိမယ်။ ပိုပြီးတော့ Inclusiveဖြစ်မယ်ဆိုတဲ့ အတွေးအခေါ် တွေအပေါ် အခြေခံတာထက် အမျိုးသမီးတွေမပါရင် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေက ငါတို့ကို ထောက်ပြလိမ့်မယ်။ ဝေဖန်လိမ့်မယ်။ ဆိုတဲ့ အမြင်နဲ့ အမျိုးသမီးပါရင်ပြီးရော အရေအတွက်တစ်ခု ပြည့်အောင်ထည့်လိုက်တာမျိုးပဲ ပိုပြီးတွေ့နေရသေးတယ်။"လို့ ၎င်းပြောပါတယ်။

လက်ရှိ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုရအဖွဲ့ (NUG)မှာတော့ အမျိုးသမီးတွေပါဝင်မှုကို ပိုပြီးမြင့်တင်ထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာတော့ အမျိုးသမီးဝန်ကြီးတွေ တော်တော်များများပါဝင်နေတဲ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးတာဝန်ကိုထမ်းဆောင်ရသူဟာလည်း အမျိုးသမီးပဲဖြစ်ပါတယ်။ ဒါဟာမြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမဦးဆုံး ကာကွယ်ရေးဝန်ကြီးဌာရဲ့ အမျိုးသမီးဝန်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။

"ခုလိုမျိုး တိုင်းပြည်ရဲ့ တော်လှန်ရေးကာလ၊ ဗရုတ်ဗရက်ကာလမို့  အမျိုးသမီးတွေကိုတော့ အရေးပေးပါတယ်ဆိုပြီးတော့ ရှေ့တန်းတင်ထားပြီးတော့ နောက်ပိုင်း သာသာယာယာဖြစ်သွားပြီးတဲ့အခါမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍကို မေ့လျော့ထားမယ်ဆိုရင်တော့ ဒါဟာတိုင်းပြည်အတွက် လုံးဝမကောင်းတဲ့ အနေအထားဖြစ်တာကြောင့် အခုကတည်းက ကျားမတန်းတူညီမျှမှုရရှိရေးအတွက်ပါတစ်ပါတည်း ဆောင်ရွက်သင့်တယ်လို့" အမျိုးသမီး အရေးတက်ကြွလှုပ်ရှားသူ မခင်လေးကပြောပါတယ်။

ကျားမတန်းတူရေး

စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲကိုပထမဦးဆုံး ဦးဆောင်သူတွေမှာ အမျိုးသမီးတွေဖြစ်သလို အကြမ်းဖက် ပစ်ခတ်မှု တွေကြောင့် ပထမဆုံးသေဆုံးခဲ့ရသူဟာလည်း အမျိုးသမီးပဲ ဖြစ်ပါတယ်။ သူကတော့ နေပြည်တော်က အသက် ၁၉နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလအတွင်း မှာလဲ အမျိုးသမီးသပိတ်စစ်ကြောင်းတွေ၊ အမျိုးသမီးတွေကိုကိုယ်စားပြုတဲ့ ထဘီအလံထူသပိတ်တွေကိုလည်း ဆင်နွှဲခဲ့ကြပါတယ်။

"အခုတော်လှန်ရေးမှာ အမျိုးသမီးတွေကို ရှေ့တန်းကနေ နေရာပေးလာတာကိုတွေ့ရတယ်။ အမျိုးသမီးတွေ မပါဝင်ရင် ဒီတော်လှန်ရေးကြီးမအောင်မြင်နိုင်ဘူးဆိုတဲ့ ကြွေးကြော်မှုတွေကို သပိတ်အဖွဲ့တွေကို ကိုယ်တိုင် ဦးဆောင်နေတဲ့ လူငယ်အမျိုးသားလေးတွေက ယုံကြည်စွာနဲ့ အားပေးထောက်ခံလာကြတာကိုမြင်ရတာ ကျွန်မတို့အတွက် ပိုပြီးအားတက်စရာဖြစ်ပါတယ်။ အမျိုးသမီးတွေကို ပိုပြီးဦးစားပေးတဲ့ ကမ်ပိန်းတွေမှာလည်း အမျိုးသားတွေ တစ်ခဲနက်ပါဝင်အားပေးနေကြတာကိုကြည့်မယ်ဆိုရင်တော့ နောင်လာမည့်အနာဂတ်မှာ ဒီတော်လှန်ရေးကြီးအောင်မြင်တဲ့အခါ လူငယ်တွေက တန်းတူညီမျှရေးအတွက် ပိုပြီးမျှော်လင့်ချက် ဖြစ်လာမယ်။ အပြုသဘောဆောင်တဲ့ အမျိုးသမီးတွေရဲ့ ပါဝင်လာမှုကိုရှေ့တန်း တင်လာကြလိမ့်မယ်" လို့ ဒေါ်မေစပယ်ဖြူက ပြောပါတယ်။

ကျားမတန်းတူရေးဟာ စစ်တပ်အတွက်တော့ စိန်ခေါ်မှုကြီး ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

"စစ်ကောင်စီရဲ့ ခေါင်းဆောင်ပိုင်းကသူတွေရဲ့ အတွေးအခေါ်ဟာ ပဒေသရာဇ်အတွေးအခေါ် အာဏာရှင်အတွေးအခေါ်ရှိနေတဲ့အခါကြတော့ အမျိုးသမီးတွေကို အကန့်အသတ်တစ်ခုနဲ့ပဲ လက်ခံတဲ့သဘောထားရှိပါတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍချဲ့ကားလာတာကိုလည်း သူတို့က သိပ်ပြီးတော့ သဘောမကျပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကစစ်တပ်ကို ကျောရိုးပြုထားတဲ့ အခါကျတော့ အမျိုးသမီးတွေရဲ့ အခန်းက ထုံးစံအတိုင်းပဲ ဘယ်လိုမှ သိပ်ကြီးကြီးမားမား ပါဝင်နိုင်ခြင်း မရှိပါဘူး။ သူတို့ရဲ့ စိတ်ထဲမှာကိုက အမျိုးသမီးတွေကို အမျိုးသားတွေနဲ့တန်းမတူ၊ ဆိုကြပါတော့ဗျာ အဆင့်မြင့်စစ်ခေါင်းဆောင်တွေထဲမှာ အခုထိ အမျိုးသမီးတွေကို မတွေ့ရသေးပါဘူး"လို့ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မျိုးဆက်သစ်လူငယ်အမျိုးသမီးထုကတော့ အမျိုးသမီးလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို နောက်မျိုးဆက်တွေ ဆက်လက်ထိန်းသိမ်းထားမယ်လို့ယုံကြည်နေပြီးကျားမတန်းတူရေးကိုနောက်မျိုးဆက်လူငယ်တွေပိုလက်ခံလာမယ်လို့ဆိုပါတယ်။

" အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာပါဝင်မှုမြင့်လာမယ် နိုင်ငံရေးအသိပိုပြီးမြင့်တက်လာမှုအရ ကျွန်မတို့ရဲ့ နောင်မျိုးဆက်တွေကိုလက်ဆင့်ကမ်းနိုင်ဖို့က ပိုသေချာပါတယ်။ ဒီအတွက်ကြောင့်မို့ အမျိုးသမီးတွေ အခုလိုနိုင်ငံရေးမှာ ပိုမိုပါဝင်လာတာဟာတစ်ချိန် နိုင်ငံအတွက်ကို တကယ်ကောင်းတဲ့ အချိုးအကွေ့တစ်ခုလို့မြင်ပါတယ်။ ပိုပြီးတော့မှ စစ်အာဏာရှင်ကို လက်မခံနိုင်တဲ့ တော်လှန်နိုင်မယ့် မျိုးဆက်တစ်ခုကို ဆက်ပြီးတော့မှ ထိန်းသိမ်းသွားနိုင်မယ့် အခင်းအကျင်းတစ်ခုလို့မြင်ပါတယ်။" မအက်စတာဇေနောက သူ့အမြင်ကိုပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required