မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ Tokyo ၂၀၂၀အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရ

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ Tokyo ၂၀၂၀အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရ

ဇူလိုင် ၆

မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် Tokyo ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတယ်လို့ Badminton World Federation (BWF) ကြေညာလိုက်ပါတယ်။

BWF ရဲ့ကြေညာချက်အရ သက်ထားသူဇာဟာ တစ်ဦးချင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ဖက်နိုင်ငံ ၄၂ နိုင်ငံ ရှိပါတယ်။ 

"သက်ထား နှစ်တွေချီပြီးမျှော်လင့်နေတဲ့ အိမ်မက်တကယ်ဖြစ်လာပါပြီ။ Tokyo 2020 Olympic ကို တကယ်၀င်ခွင့်ရခဲ့ပါပြီ။  အားလုံးခက်ခဲနေကြတဲ့အချိန် စိတ်တွေညစ်ညူးနေရတဲ့အချိန်လေးမှာ ခဏလေးပဲဖြစ်ဖြစ် ပြုံးနိုင်‌အောင်လို့ပါ။ သက်ထားက မြန်မာပြည်သူပြည်သားအားလုံးအတွက် အကောင်းဆုံးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ သက်ထားရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူပြည်သားအားလုံးရဲ့ အောင်မြင်မှုတွေပါပဲ။ " ဆိုပြီး သူမရဲ့ လူမှုကွန်ရက် မှာရေးသားထားပါတယ်။

သက်ထားသူဇာဟာ ၂၀၂၀ မတ်လ ကတည်းက နိုင်ငံတကာပြိုင်ပွဲတွေ ယှဉ်ပြိုင်ရ ခြင်းမရှိတော့ဘဲ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ တစ်နှစ်ခွဲဝန်းကျင်ကာလအတွင်း ပထမဆုံး ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲလည်းဖြစ်ပါတယ်။

သူမဟာ အိုလံပစ်ဝင်ခွင့် လက်ရည်စစ်ပွဲကာလ အတွင်း စုစုပေါင်း ၁၅ ပွဲ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး   အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြီးခဲ့တဲ နှစ်အနည်းငယ်ကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။  ၂၀၁၈ ခုနှစ်မှ စတင်ကာ Badminton World Federation (BWF) ကပြုလုပ်တဲ့ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ချန်ပီယံဆု ရှစ်ကြိမ်၊ ဒုတိယဆု သုံးကြိမ် ရရှိထားပါတယ်။

အိုလံပစ်ပြိုင်ပွဲကျင်းပမယ့် အဖွဲ့အစည်းကလည်း ပွဲကြည့်ပရိတ်သက်နဲ့ အားကစားသမားတွေအတွက် ကိုဗစ်ပိုးကူးစက်မခံရအောင် စီစဉ်သွားမယ်လို့ ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required