မသန်စွမ်းခုနစ်ယောက်တစ်ဖွဲ့ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဗိုလ်လုပွဲ၌ ထိုင်းနှင့်တွေ့ဆုံ

မသန်စွမ်းခုနစ်ယောက်တစ်ဖွဲ့ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဗိုလ်လုပွဲ၌ ထိုင်းနှင့်တွေ့ဆုံ
အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဝင် ခုနစ်ယောက်တစ်ဖွဲ့ မြန်မာအသင်း (ဓာတ်ပုံ-မြတ်ထွန်းခိုင်)

ဒီဇင်ဘာ ၇၊ ရန်ကုန် ။          ။ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၈ ကြိမ်မြောက် အာဆီယံမသန်စွမ်း ဆီးဂိမ်းပြိုင်ပွဲမှ ခုနစ်ယောက်တစ်ဖွဲ့ဘောလုံးပြိုင်ပွဲတွင် လက်ရှိချန်ပီယံမြန်မာအသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ယင်းဗိုလ်လုပွဲအဆင့်၌ ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အဆိုပါ ခုနစ်ယောက်တစ်ဖွဲ့ဘောလုံးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားအသင်းတို့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရပြီး အုပ်စုတွင်းအမှတ်အများဆုံး နှစ်သင်းက ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရခြင်း ဖြစ်သည်။

လက်ရှိချန်ပီယံ မြန်မာအသင်းသည် အုပ်စုအဆင့်တွင် မလေးရှားအသင်းကို ၇-၂ ၊ စင်ကာပူအသင်းကို ၅-၃၊ အင်ဒိုနီးရှားအသင်းနှင့် ဂိုးမရှိသရေကျကာ အုပ်စုပွဲစဉ် သုံးပွဲကစားပြီးချိန်၌ ရမှတ် ခုနစ်မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး တတိယနေရာမှ ပွဲကုန်သွားသည့်စင်ကာပူအသင်းက ရမှတ် ခြောက်မှတ်သာ ရရှိထားသည့်အတွက် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းအသင်းသည်လည်း သုံးပွဲကစား သုံးပွဲလုံး အနိုင်ရကာ ရမှတ် ကိုးမှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ကစားရန် ကျန်ရှိလျက်ရှိသည်။

အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ခုနစ်ယောက်တစ်ဖွဲ့ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် လာမည့် ဒီဇင်ဘာ ၉ ရက် မြန်မာစံတော်ချိန် ၁း၄၅ အချိန်တွင် စင်ကာပူအမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required