မချောစန္ဒီထွန်း၏ တရားရှင်လွှတ်ပေးရန်နှင့် အာမခံပေးရန် တောင်းဆိုမှုများ ပယ်ချခံရ

မချောစန္ဒီထွန်း၏ တရားရှင်လွှတ်ပေးရန်နှင့် အာမခံပေးရန် တောင်းဆိုမှုများ ပယ်ချခံရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘုတ် လူမှု ကွန်ယက်စာမျက်နှာ ပေါ်တွင် သိက္ခာကျအောင် လုပ်ဆောင်သည်ဟူသည့် စွပ်စွဲချက်ဖြင့်  ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အသရေဖျက်မှု ပုဒ်မ ၅၀၀တို့ဖြင့် တရားစွဲဆိုခံထားရသော မချောစန္ဒီထွန်း(ခေါ်) ချစ်သမီးသည် တရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အာမခံ လျှောက်ထား ခဲ့သော်လည်း  နှစ်ကြိမ်စလုံးပယ်ချခံခဲ့ရသည့်အပြင် ပုဒ်မ ၅၀၀အတွက် တရားရှင် လွှတ်ပေးရန် တောင်းဆိုထားမှုအပေါ်မှာလည်း နိုဝင်ဘာ ၂၄ ရက်နေ့ မအူပင်မြို့နယ်ရှိ မြို့နယ်တရားရုံး စတုတ္ထကြိမ်မြောက် ရုံးချိန်းတွင် ပယ်ချခံခဲ့ရသည်။

“ ပုဒ်မ ၅၀၀ မှာ တရားလိုရဲ့ ထွက်ချက်အရ ကိုယ်စားပြု စွဲဆိုခြင်းဖြစ်တော့  ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၈ နဲ့ အကျုံးဝင်သွားလို့ ဆက်မစစ်ပဲ တရားရှင်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရုံးရဲ့အမြင်ကတော့ ဆက်စစ်လို့ရတယ်လို့အမြင်နဲ့ လျှောက်လွှဲချက်ကို ပလပ် လိုက်တယ်” ဟု မချောစန္ဒီထွန်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိတွင်  မချောစန္ဒီထွန်းသည် မအူပင်အကျဉ်းထောင်မှာ ထိန်းသိမ်းခြင်းခံထားရခြင်း ဖြစ်ပြီး၊ ယနေ့အချိန်ထိ ခြင်ထောင်ယူဆောင်ခွင့် မရသေးကြောင်းလည်း ရုံးထုတ်လာစဉ် မီဒီယာများသို့ ပြောကြားခဲ့သည်။ ထို့အပြင် တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍လည်း နားမလည်နိုင်အောင်ဖြစ်ရကြောင်း ပြောကြားခဲ့သည်။

“ဒီအမှုမှာ ကြားတဲ့အတိုင်းပါပဲ။ ပုဒ်မ ၃၄ (ဃ)နဲ့ တစ်ခါစွဲတယ်။ ၆၆ (ဃ)နဲ့ တစ်ခါစွဲတယ်။ ပုဒ်မ ၅၀၀ နဲ့ တစ်ခါစွဲတယ်။ ဒီပုံတစ်ပုံနဲ့ကို ပုဒ်မ ၃ ခုနဲ့ တရားရုံး တင်တယ်ဆိုတာက လုံးဝကို မမျှတပါဘူး။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း လွတ်လပ်စွာ ထုတ်ပြောရေးသားခွင့်၊ ပြောဆိုခွင့် ဆိုတာတွေပါပေမယ့် အခု တရားစွဲ ဆိုတဲ့ ရဲတွေဟာ ဥပဒေကို မလေးစား မလိုက်နာသူတွေလို့ မြင်ပါတယ်” ဟု မချောစန္ဒီထွန်းက ပြောကြား ခဲ့သည်။

မချောစန္ဒီထွန်းကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ရုံး ထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ လာမည့် နိုဝင်ဘာလ ၃၀ ရက်တွင် ငါးကြိမ်အဖြစ် ဆက်လက် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required