ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃ သိန်းအတွက် ဝါရှင်တန်ခရစ်ယာန်ဘုရားကျောင်းက ခေါင်းလောင်း အချက် ၃၀၀ ထိုး 

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃ သိန်းအတွက် ဝါရှင်တန်ခရစ်ယာန်ဘုရားကျောင်းက ခေါင်းလောင်း အချက် ၃၀၀ ထိုး 
Photo: AFP

ဒီဇင်ဘာ ၁၆

COVID-19 ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမေရိကန်နိုင်ငံသား သုံးသိန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဝါရှင်တန် အမျိုးသား ခရစ်ယာန်ဘုရားရှိခိုးကျောင်းတော်ကြီးက ဒီဇင်ဘာ ၁၅ ရက် နေဝင်ရီတရောအချိန်မှာ ခေါင်းလောင်း အချက်ပေါင်း ၃၀၀ ထိုးခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံမှာတော့ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇ သန်းခန့်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ သုံးသိန်းကျော် ရှိနေပြီဖြစ်ပါတယ်။ 

တချိန်တည်းမှာလည်းပဲ အမေရိကန် ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ မိုဒါးနား (Moderna) ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ဘေးကင်းထိရောက်ကြောင်း အတည်ပြုထားတဲ့ ဒေတာအချက်အလက်အသစ်တွေကို အမေရိကန် ဆေးဘက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါကတော့ မိုဒါးနားရဲ့ ကာကွယ်ဆေးဟာ ယင်းနိုင်ငံမှာ ရက်ပိုင်းအတွင်း အရေးပေါ် အတည်ပြုချက် ရသွားနိုင်ပြီး လာမယ့်အပတ်မှာ စတင် ဖြန့်ကျက်ထိုးနှံဖို့ အသင့်ဖြစ်နေနိုင်တယ်ဆိုတာနဲ့ပတ်သက်လို့ အားကောင်းတဲ့ လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ 

ယင်းကာကွယ်ဆေးဟာ အလုံးစုံ ထိရောက်မှု ၉၄ ဒသမ ၁ ရာခိုင်နှုန်း ရှိသလို အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက် ထုတ်ပေးမှုအပေါ် အဟန့်အတားဖြစ်စေမယ့် ဘေးကင်းလုံခြုံမှု ဆိုင်ရာ စိုးရိမ်ပူပန်စရာတွေ မတွေ့ရှိရဘူးလို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ (FDA) က ပြောပါတယ်။ 

ယင်းနိုင်ငံမှာ ဖိုက်ဇာ (Pfizer) နဲ့ ဘိုင်ရွန်တက် (BioNTech) တို့ရဲ့ ကာကွယ်ဆေး ဖြန့်ချိမှုတွေကို တနင်္လာနေ့က စတင်လုပ်ဆောင်ထားခဲ့ပြီး ဖြစ်တာကြောင့် အကယ်၍သာ FDA က မိုဒါးနား ကာကွယ်ဆေးကိုပါ မီးစိမ်းပြလိုက်မယ်ဆိုရင် ယင်းနိုင်ငံမှာ လာမယ့် တနင်္လာနေ့မှာ ကာကွယ်ဆေး အလုံးရေပေါင်း ခြောက်သန်းအထိ စတင် ဖြန့်ကြက် အသုံးပြုလို့ရသွားနိုင်မှာ ဖြစ်ပါတယ်။ 

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အဆိုးရွားဆုံး ခံနေရသလို သေဆုံးသူ သုံးသိန်းကျော် ရှိနေတဲ့ နိုင်ငံမှာ ယင်းက ကပ်ရောဂါကို တိုက်ဖျက်ရင်ဆိုင်မယ့် အားကောင်းအစွမ်းထက်တဲ့ ဒုတိယ လက်နက်တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။ 

တစ်ချိန်တည်းမှာလည်းပဲ ကိုဗစ်-၁၉ အတွက် နေအိမ်မှာပဲ အမြန် စမ်းသပ်နိုင်တဲ့ ပစ္စည်းကိရိယာတစ်ခုကို အတည်ပြုလိုက်ကြောင်း အမေရိကန် FDA က ကြေညာခဲ့ပါတယ်။ ယင်းစမ်းသပ်ကိရိယာက ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ ရနိုင်မှာဖြစ်သလို မိနစ် ၂၀ ခန့်အတွင်း ရလဒ်တွေ သိရနိုင်ပါတယ်။ ဒါပေမယ့် ကယ်လီဖိုးနီးယား အခြေစိုက် Ellume ကုမ္ပဏီက ထုတ်တဲ့ ယင်းကိရိယာတွေ ထောက်ပံ့ဖြည့်ဆည်းမှုကတော့ ကနဦးပိုင်းမှာ အကန့်အသတ်နဲ့သာ ဖြစ်နေမှာ ဖြစ်ပြီး ဇန်နဝါရီလမှာ ကိရိယာအရေအတွက် သုံးသန်းမျှသာပဲ ဖြန့်ချိရောင်းချနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly