NLD နှင့် ပြည်ခိုင်ဖြိုး ပါတီနှစ်ခု ရွေးကောက်ပွဲဆိုင်ရာ အပြန်အလှန် ကန့်ကွက်လွှာ တင်မည်  

NLD နှင့် ပြည်ခိုင်ဖြိုး ပါတီနှစ်ခု ရွေးကောက်ပွဲဆိုင်ရာ အပြန်အလှန် ကန့်ကွက်လွှာ တင်မည်  
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ဒီဇင်ဘာ ၁၃၊ ၂၀၂၀     

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲပြီးနောက် အင်အားကြီးပါတီ နှစ်ခုဖြစ်သည့် အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က တရားမဲ့ပြုကျင့်မှုများ ရှိသည်ဟုဆိုကာ အပြန်အလှန် ကန့်ကွက်လွှာ တင်ရန် ရှိကြောင်း သိရသည်။ 

ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ တင်သွင်းမှုများနှင့် ပတ်သက်၍ လက်ရှိတွင် NLD က  ကန့်ကွက်လွှာ ငါးမှု တင်သွင်းသွားရန်ရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောသည်။  

“ဘယ်ပြည်နယ်၊ တိုင်းက ကိုယ်စားလှယ်တွေကို ကန့်ကွက်တယ် ဆိုတာကတော့ ထုတ်မပြောပါဘူး။ အချိန်ကလည်း ကပ်လာပြီဆိုတော့ တချို့နေရာတွေက မတင်ဖြစ်နိုင်တာလည်း ရှိနိုင်လို့ပါ။ လောလောဆယ် ချိန်ရွယ်ထားတာကတော့ ငါးမှုပါ” ဟု ဒေါက်တာ မျိုးညွန့်က ပြောသည်။   

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းသွားမည့် ကန့်ကွက်လွှာ အမှု ငါးမှုသည် ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သည့် အမှုများဖြစ်ပြီး အခြား တိုင်းရင်းသားပါတီများ၏ အနိုင်ရ ကိုယ်စားလှယ်များ၊ အနိုင်ရ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များကိုမူ တိုင်ကြားရန် မရှိကြောင်း ဒေါက်တာ မျိုးညွန့်က ဆိုသည်။   

အတိုက်အခံပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီကလည်း ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာများနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားရန် လုပ်ဆောင်နေဆဲဖြစ်ပြီး အမှု မည်မျှ တိုင်ကြားမည် ဆိုသည်ကို မသိသေးကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။  

“ကျွန်မတို့ကတော့ အများဆုံး အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီကိုး၊ ကျွန်မတို့က ဒုတိယမဲ အများဆုံးဆိုတော့ နံပါတ် (၁) ကို တိုင်တာပါ။ ကန့်ကွက်လွှာ တင်သွင်းလို့ရပြီး အထောက်အထား ပြည့်စုံတဲ့ မဲဆန္ဒနယ်တွေကိုပဲ တိုင်တာပါ” ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။  

ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာဆိုသည်မှာ အနိုင်ရ ကိုယ်စားလှယ်အနေဖြင့် မဲမသမာမှု ပြုလုပ်ခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်းများအပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၆၆ တွင် ပါဝင်သည့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်သွင်းသည့် ကန့်ကွက်လွှာဖြစ်သည်။   

ကန့်ကွက်လွှာများကို ရွေးကောက်ပွဲကျင်းပအပြီး ၄၅ ရက်အတွင်း ပြိုင်ဘက်ကိုယ်စားလှယ်များက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်သွင်းရခြင်း ဖြစ်သည်။  

ကန့်ကွက်လွှာ တင်သွင်းမည်ဆိုပါက တင်သွင်းမည့် ကိုယ်စားလှယ်လောင်းသည် အမှုစရိတ် ကျပ် ငါးသိန်း ပေးသွင်းရမည် ဖြစ်သည်။  

ကန့်ကွက်လွှာ ကုန်ကျစရိတ်ကို ကိုယ်စားလှယ်လောင်းများကသာ ကုန်ကျခံရမည် ဖြစ်ပြီး ပါတီဘက်က ကျခံပေးမည် မဟုတ်ကြောင်း NLD ပါတီဘက်က ပြောပြီး ပြည်ခိုင်ဖြိုးပါတီကမူ မည်သည့်ဘက်က ကုန်ကျခံမည်ဆိုသည်ကို မသိသေးကြောင်း ပြောသည်။   

ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာများနှင့် ပတ်သက်၍ ဒေါက်တာမျိုးညွန့်က “ကျွန်တော်တို့ကတော့ ခိုင်လုံမှပဲ တင်ကြပါ၊ မခိုင်လုံဘဲ ကိုယ်ရှုံးလို့ တိုင်တာမျိုး မဖြစ်စေချင်ဘူးလို့” ဟု ဆိုသည်။  

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် NLD ပါတီက ပြည်ထောင်စုလွှတ်တော် ၃၉၆ နေရာ အနိုင်ရထားပြီး ပြည်ခိုင်ဖြိုးပါတီက ၃၃ နေရာ အနိုင်ရထားသည်။ 

လူသိများ တိုင်းရင်းသားပါတီများဖြစ်သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ၊ ရခိုင်အမျိုးသားပါတီ (ANP) တို့သည် ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာ တင်သွင်းတိုင်ကြားခြင်း မရှိကြောင်း သိရသည်။   

ကချင်ပြည်နယ် ပြည်သူ့ပါတီကမူ ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်ပြီး ကန့်ကွက်လွှာ တင်သွင်းခြင်း မရှိသော်လည်း ၎င်းတို့ပါတီအပေါ် မဟုတ်မမှန် သတင်းဖြန့်နေသူ တစ်ဦးကို တရားမဲ့ပြုကျင့်မှုအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားကြောင်း သိရသည်။  

ယခုကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့ကို ဆက်သွယ်၍ မရခဲ့ပါ။ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ကန့်ကွက်လွှာတင်သွင်းရေးကိစ္စ အတိအကျ ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required