မဲမသမာမှုများကို စစ်ဆေးပေးရန် တောင်းဆိုဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီး

မဲမသမာမှုများကို စစ်ဆေးပေးရန် တောင်းဆိုဆန္ဒဖော်ထုတ်သူများကို ဖမ်းဆီး
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ဒီဇင်ဘာ ၆

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သဖြင့် စုံစမ်း စစ်ဆေးပေးရန်ဟုဆိုကာ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းက ဂျပန်၊ တရုတ်၊ အမေရိကန်နှင့် ဗြိတိန်သံရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိသဖြင့် ဦးဆောင်ဆန္ဒပြသူများကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် သက်ဆိုင်ရာနယ်မြေ ရဲစခန်းအသီးသီးက ဖမ်းဆီးအမှုဖွင့်ထားကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။ 

အဆိုပါ ဆန္ဒဖော်ထုတ်သူများသည် ဂျပန်၊ တရုတ်၊ အမေရိကန်နှင့် ဗြိတိန်သံရုံး ၄ ရုံးရှေ့တွင် အဖွဲ့လိုက်ခွဲကာ တပြိုင်နက်တည်း ဆန္ဒဖော်ထုတ်ခဲ့ကြ ခြင်းဖြစ်သည်။ 

တရားမမျှတသော ရွေးကောက်ပွဲရလဒ် အလိုမရှိ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းရေး၊ ပြည်သူ့ဆန္ဒမဟုတ်သော ရွေးကောက်ပွဲရလဒ်အလိုမရှိ စသဖြင့် အချက် (၄) ချက်ကို ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ အမျိုးသားတစ်ဦးက “ကျွန်တော်က ပါတီတော့မဟုတ်ဘူး။ ဒါပေမယ့် သန့်ရှင်းတဲ့ ကိုယ်စားလှယ်လောင်း မဲမလိမ် မဲခိုးဘဲ ရလာတဲ့ ကိုယ်စားလှယ်လောင်း လွှတ်တော်အမတ်တွေကို အရမ်းလေးစားတယ်။ ဒါပေမယ့် အဲဒီလိုအခုအချိန်မှာ လေးစားစရာမရှိလို့ ပြည်သူတွေက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စီစစ်ရေး ကော်မရှင်ဖွဲ့ပေးဖို့ အဓိက တောင်းဆိုချင်ပါတယ်။ ” ဟု ပြောသည်။ 

ဓာတ်ပုံ - သူရ/မဇ္ဈိမ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာတွင် ပါတီအမှတ်တံဆိပ် လွှမ်းခြုံပြီး မဲမသမာမှုများရှိခဲ့သည့်အတွက် သံရုံးများရှေ့တွင် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ပါဝင်သူအချို့က ပြောသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည့် ပမာဏထက် ကျော်လွန် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ရွေးကောက်ပွဲ တွင် မမှန်ကန်မှုများရှိပါက ဥပဒေ လမ်းကြောင်းအရသာ ပြန်လည် ကန့်ကွက်သင့်ကြောင်း ပြောသည်။

“ရွေးကောက်ပွဲဆိုတာ ဥပဒေတွေနဲ့ စနစ်တကျ ကျင်းပရတာပါ။ သူနဲ့ပတ်သက်လို့ မမှန်ကန်ဘူးရှိတယ်ဆိုရင် ဥပဒေလမ်းကြောင်းအရ ပြန်လည်ပြီး ကန့်ကွက်သွားရမှာပါ။ ဆန္ဒပြတိုင်းသာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်လာတဲ့ရွေးကောက်ပွဲကို ပြန်လည်စိစစ်နေရင် ဘာမှရှေ့ဆက်လုပ်လို့မရပါဘူး။ အဲတော့ ဥပဒေအရပဲ ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပဒေအရမဟုတ်ဘဲ ဆန္ဒပြတာကတော့ ကျွန်တော်တို့ မျှော်လင့်ပြီးသားပါ။ စီစဉ်ပေးမယ့်လူရှိရင် ဆန္ဒပြမယ့်လူလဲ ရှိနေမှာပါပဲ။” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။ 

၎င်းဆန္ဒဖော်ထုတ်သူများအနက် ကမာရွတ်မြို့မရဲစခန်းတွင် သုံးဦး၊ ဒဂုံမြို့မရဲစခန်းတွင် နှစ်ဦး၊ ဗဟန်းမြို့မရဲစခန်းတွင် တစ်ဦးတို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးအမှုဖွင့်ထားပြီး ဗြိတိန်သံရုံးရှေ့တွင် ဦးဆောင်ဆန္ဒပြသူများထွက်ပြေးသွားသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required