ရန်ကုန်မဲစာရင်းတွင် မှတ်ပုံတင် ထပ်၊ မရှိ၊ ပျောက်ဆုံးများ ၁ သိန်းကျော်ရှိဟု USDP ပြော 

ရန်ကုန်မဲစာရင်းတွင် မှတ်ပုံတင် ထပ်၊ မရှိ၊ ပျောက်ဆုံးများ ၁ သိန်းကျော်ရှိဟု USDP ပြော 
ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးနေစဉ် (ဓာတ်ပုံ - သူရ /မဇ္ဈိမ )

ရန်ကုန်၊ နိုဝင်ဘာ ၂၇၊ ၂၀၂၀ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်၏ မဲစာရင်းအရ မဲပေးခွင့်ရှိသူ တစ်သန်းကျော်ကို စိစစ်ခဲ့ရာတွင် မှတ်ပုံတင်အမှတ် ထပ်နေသူ၊ မရှိသူ၊ ပျောက်ဆုံးသူနှင့် ပြုလုပ်ဆဲ တစ်သိန်းကျော် ရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြောသည်။ 

မှတ်ပုံတင်မရှိသူ အရေအတွက်များပြီး မှတ်ပုံတင်ထပ်မှုများ ရှိသည့်အတွက် မဲအရေအတွက် ဖောင်းပွကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကျော်စိုးက မဇ္ဈိမကို ပြောသည်။ 

“ရန်ကုန်တိုင်းပါတီအနေနဲ့ မဲစာရင်းပုံစံ (၁) တွေ ရှိတယ်လေ။ ကော်မရှင်ကပေးတဲ့ ပုံစံ (၁) ရှိတယ်။ အဲ့ဒီစာရင်းကိုပဲ ပြန်စစ်တာပါဗျ။ မှတ်ပုံတင် သို့မဟုတ် သက်သေခံကတ်ပြား တစ်ခုခုနဲ့ မဲပေးဖို့အတွက် ပြောခဲ့ဖူးတယ်လေ။ နောက်ဆုံး စလစ်တွေနဲ့ ပေးတဲ့အဆင့် ဖြစ်သွားတာပေါ့နော်။ မှတ်ပုံတင် မရှိတဲ့သူက ဒီလောက်အများကြီးနဲ့ မှတ်ပုံတင်ထပ်တာတွေက မဲအရေအတွက် ဖောင်းပွတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။ 

မဲပေးရာတွင် သေဆုံးပြီးသူ၏ အမည်ဖြင့် လာရောက်မဲပေးခြင်း၊ နှစ်ကြိမ်လာရောက် မဲပေးခြင်းများရှိခဲ့ပြီး အဆိုပါကိစ္စများ အပါအဝင် ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် တရားမဲ့ ပြုကျင့်ခံရသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက ရဲစခန်းတွင် အမှုပေါင်း ၁၂၆ မှု၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ၁ဝ၄၂ မှု တိုင်ကြားထားကြောင်း ပါတီ ဒု ဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီများက နိုဝင်ဘာလ ၂၆ ရက်နေ့ ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပါတီ ဒု ဥက္ကဋ္ဌ ဦးခင်ရီက “မဲပေးတဲ့အခါမှာ မဲပေးတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ကို မပေးဘူး။ ပထမအကြိမ် မဲစာရင်းထုတ်တယ်။ မပေးဘူး။ ဒုတိယအကြိမ် မဲစာရင်းထပ်ထုတ်တော့လည်း ကြည့်ခွင့်မရှိဘူး။ အဲ့ဒီတော့ မဲဘယ်လောက်ပေးမှန်း မသိဘူး။ လူတွေ ဘယ်လောက် ထပ်တိုးမှန်းမသိဘူး။ ဒီနေရာမှာ မဆိုင်တဲ့သူတွေ ပါနေလား၊ သေဆုံးတဲ့သူတွေ ပါနေလား စစ်လို့မရဘူး။ တကယ်မဲပေးတဲ့နေ့ ၈ ရက်နေ့ကျတော့ရော သေဆုံးပြီးသားလူတွေ နာမည်နဲ့ ပေးသွားတာရှိတယ်။ နှစ်ခါပေးတာ ရှိတယ်။ ဒေသခံတွေကိုယ်တိုင် မမြင်ဖူးတဲ့သူတွေ၊ ဒါတွေပါ လာပေးတာရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းကို အမှုဖွင့်ထားတာ ကျွန်တော်တို့ ပါတီတစ်ခုတည်းက ၁၂၆ မှု ရှိတယ်။ UEC ကို တိုင်ထားတာ ၁ဝ၄၂ မှု ရှိတယ်။ အခြားသော ပါတီများမှာလည်း အခုလိုရှိမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က “အဲ့ဒီ အချက်အလက်တွေက ကျွန်တော်တို့တောင် မသိရသေးပါဘူးဗျ။ ဒါကတော့ အဆင့်ဆင့် စိစစ်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ အပိုင်းကတော့ လဝကရယ်၊ အထွေထွေ အုပ်ချုပ်ရေးရယ် ပြုစုတဲ့ မဲစာရင်းပေါ် အခြေခံပြီး အတည်ယူထားတာပဲ။ မဲစာရင်းထပ်တယ် ဆိုတာကတော့ ကျွန်တော်တို့ဘက်က အထပ်ထပ် စိစစ်တာပဲ။ စိစစ်တဲ့အခါမှာ သူတို့အနေနဲ့ တင်ပြရမယ်လေ။ ထပ်တယ်ဆို ကျွန်တော်တို့က ပယ်မှာပဲ။ ကျွန်တော်တို့က တမင်ရည်ရွယ်ပြီးလုပ်တဲ့ ကိစ္စမဟုတ်ဘူး။ လက်သန်း မင်တို့တာ အဲ့ဒါကြောင့်ပဲ။ မင်တို့ထားတာကြောင့် အဲ့ဒီရက်အတွင်းတော့ ထပ်မဲပေးနိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊ လသာမြို့နယ်၊ ဒဂုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လမ်းမတော်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တာမွေမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ လှည်းကူးမြို့နယ် စုစုပေါင်း ၁ဝ မြို့နယ်တွင် နောက်ဆုံးထုတ်ပြန်သည့် မဲစာရင်းအရ မဲပေးခွင့်ရှိသူ တစ်သန်းကျော်တွင် မှတ်ပုံတင်အမှတ် ထပ်နေသူ၊ မရှိ၊ ပျောက်ဆုံးနှင့် ပြုလုပ်ဆဲ အရေအတွက် တစ်သိန်းကျော်ရှိကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် မညီသော မှန်ကန်မှုမရှိသည့် ဆောင်ရွက်မှုဖြစ်ကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသည်ဟုလည်း သတင်းစာ ရှင်းလင်းပွဲတွင် ဒု ဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required